မြန်မာအကျပ်အတည်းအကြား အာဆီယံသည် ပြည်တွင်းရေး ဝင်မစွက်ရေးမူအပေါ် ပြန်သုံးသပ်သင့်ပြီဟု မလေးရှား ပြော

မြန်မာအကျပ်အတည်းအကြား အာဆီယံသည် ပြည်တွင်းရေး ဝင်မစွက်ရေးမူအပေါ် ပြန်သုံးသပ်သင့်ပြီဟု မလေးရှား ပြော

အောက်တိုဘာ ၂၁

မြန်မာနိုင်ငံ၌ ပိုမိုဆိုးဝါးလာနေသော လူ့အခွင့်အရေးအကျပ်အတည်းတစ်ခု ရှိနေစဉ် အတောအတွင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ဝင်မစွက်ရေးဆိုသည့် ဆယ်စုနှစ်များစွာကြာ မူဝါဒတစ်ရပ်အပေါ် ပြန်လည်သုံးသပ်သင့်နေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။

ဧပြီလက အာဆီယံအဖွဲ့တွင်း သဘောတူခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုနှင့်ပတ်သက်ပြီး တိုးတက်မှု ရှိမနေခဲ့မှုကြောင့် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့သည် လာမည့် ထိပ်သီးအစည်းအဝေးတစ်ခုကနေ မြန်မာအာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်ကို မဖိတ်ကြားဘဲ ချန်လှပ်ခဲ့ရန် မကြုံစဖူးသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ချမှတ်ခဲ့သည်။

အစည်းအဝေးအတွက် နိုင်ငံရေးထဲမှ မဟုတ်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားမည် ဖြစ်သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနှင့် ဖိလစ်ပိုင် တို့က တွန်းအားပေးခဲ့သည် ဆိုသည့် ထိုဆုံးဖြတ်ချက်က အာဆီယံအတွက် ကြုံတောင့်ကြုံခဲ ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။ အစဉ်အလာအားဖြင့် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများအပေါ် ဝေဖန်မှုနှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက်ရယူမှုနှင့် ညှိနှိုင်းဆွေးနွေးမှုကိုသာ အလေးပေးလုပ်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒထုတ်ဖော်မှုများအပေါ် ဖြိုခွင်းနှိမ်နင်းမှုအတွင်း အရပ်သား ၁,၀၀၀ ကျော် သေဆုံးထားခဲ့ရသည့် မြန်မာနိုင်ငံရှိ ယိုယွင်းဆိုးရွားနေသည့် အခြေအနေများကို ထောက်ဆ စဉ်းစားခြင်းအားဖြင့် အာဆီယံအနေဖြင့် ယင်း၏ တပါးသူ၏ ပြည်တွင်းရေး ဝင်မစွက်ရေး မူနှင့်ပတ်သက်ပြီး “မိမိကိုယ် မိမိ ဝေဖန်မှု” အချို့ လုပ်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောခဲ့သည်။

“အာဆီယံဟာ အဖွဲ့ဝင် ဆယ်နိုင်ငံနဲ့ ဖွဲ့ထားပြီး အဲဒီ ဆယ်နိုင်ငံစလုံးနဲ့ပတ်သက်တယ်ဆိုတာကို သောကြာနေ့ အစည်းအဝေးမှာ ကျွန်တော် သတိပေးခဲ့တယ်၊ မြန်မာ့အရေးဟာ ပြည်တွင်းရေးနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရေး ဖြစ်တယ်ဆိုပေမယ့် ဒါက ဒေသအပေါ်မှာ ရိုက်ခတ်သက်ရောက်မှုတစ်ခု ရှိပါတယ်၊ ကျွန်တော်တို့ဟာ အခြားအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း အသိအမှတ်ပြုစဉ်းစားသင့်ပါတယ်” ဟု ၎င်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်း ဆွေးနွေးပွဲတစ်ခုတွင် ပြောသည်။

“နောက်ပြီးတော့ ကျွန်တော်တို့ဟာ ပြဿနာအရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ရမယ့်အရေးကနေ ရှောင်ဖို့ ဒီ ကြားဝင်မစွက်ရေးမူကို အကာအကွယ်တစ်ခုအနေနဲ့ အသုံးပြုလို့ မရနိုင်ဘူးဆိုတဲ့ အချက်ကိုလည်း ကျွန်တော် ပြောခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။ ယင်းသည် အာဆီယံအုပ်စု၏ မူဝါဒပိုင်းဆိုင်ရာ၏ တန်ဖိုးအထားဆုံး အပိုင်းတစ်ခုအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ရှားရှားပါးပါး ဆန်းစစ်ဝေဖန်လိုက်ခြင်းလည်း ဖြစ်သည်။

အာဆီယံဘက်က ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန် ချမှတ်လုပ်ဆောင်နိုင်စွမ်း မရှိခြင်းအတွက် ပြည်တွင်းရေး ဝင်မစွက်ရေးမူက အဓိက အရင်းခံအကြောင်းတရားတစ်ခု ဖြစ်ခဲ့သည်ဟုလည်း ဆိုင်ဖူဒင်က ပြောခဲ့သည်။ အပြုသဘော‌ဆောင် ချိတ်ဆက်ပတ်သက်ဆွေးနွေးမှု သို့မဟုတ် ဥပေက္ခာမပြုဘဲ ပါဝင်လုပ်ဆောင်မှု ဆိုင်ရာ မူဝါဒသစ်တစ်ခုသို့ တက်လှမ်းနိုင်ရေး ၎င်းက အကြံပြုခဲ့သည်။

ထိပ်သီးအစည်းအဝေးကနေ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ယင်းသည် အမေရိကန်၊ အီးယူ အပါအဝင် “ပြည်ပ ကြားဝင်စွက်ဖက်မှု” တို့ကြောင့် ယင်းဆုံးဖြတ်ချက် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ပြစ်တင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required