ထိပ်သီးတွေ့ဆုံပွဲ၌ မြန်မာစစ်ခေါင်းဆောင်ကို ချန်လှပ်သည့် အာဆီယံလုပ်ဆောင်ချက်က အရေးပါသော်လည်း လုံလောက်မှုမရှိသေးဟု အမေရိကန် ပြော

ထိပ်သီးတွေ့ဆုံပွဲ၌ မြန်မာစစ်ခေါင်းဆောင်ကို ချန်လှပ်သည့် အာဆီယံလုပ်ဆောင်ချက်က အရေးပါသော်လည်း လုံလောက်မှုမရှိသေးဟု အမေရိကန် ပြော

အောက်တိုဘာ ၂၁

ထိပ်သီးတွေ့ဆုံပွဲကနေ မြန်မာစစ်ကောင်စီအကြီးအကဲကို မဖိတ်ကြားဘဲ ချန်လှပ်ထားရန် ဆုံးဖြတ်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ လုပ်ဆောင်ချက်က အရေးပါ သိသာသော်လည်း လုံလောက်မှုမရှိသေးဟု အမေရိကန်ဘက်က ရှုမြင်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၂၀ ရက်က ပြောကြားခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကြုံတွေ့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကိုင်တွယ်ရန် အာဆီယံအနေဖြင့် ယခုထက် ပိုမိုလုပ်ဆောင်သွားရန် လိုကြောင်း ၎င်းက ပြောသွားခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါသည့် အာဆီယံအုပ်စုသည် ‌အောက်တိုဘာ ၂၆-၂၈ တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးများအတွက် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံရေးကဏ္ဍမှ မဟုတ်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားမည်ဟု ပြီးခဲ့သည့်အပတ်က ဆုံးဖြတ်ခဲ့သည်။

“ဒါက သိပ်အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ အရှေ့အာရှနှင့် သမုဒ္ဒရာနိုင်ငံများဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး အက်ဒ်ဂါ့ဒ် ကက်ဂန်က ဝါရှင်တန်ရှိ think tank အဖွဲ့တစ်ခုဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှု စင်တာ၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောသည်။

“ဒါပေမယ့် ဒါက လုံလောက်မှု မရှိသေးဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ အာဏာသိမ်းမှု ရလဒ်ကြောင့် မြန်မာပြည်သူတွေ ကြုံနေရတဲ့ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံအနေနဲ့ ပိုမိုကျယ်ပြန့်ပြီး ပိုမိုထိရောက်တဲ့ အားထုတ်မှုတစ်ခု လုပ်ဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

မည်ကဲ့သို့ လုပ်ဆောင်ချက်များ လုပ်ရန် လိုသလဲ ဆိုသည်ကို ၎င်းက အသေးစိတ် ပြောခဲ့ခြင်း မရှိပေ။

တချိန်တည်းမှာပင် အာဆီယံထိပ်သီးအစည်းအ‌ဝေးများ မတိုင်မီ မြန်မာ့အရေး ဆွေး‌နွေးရန် အရှေ့တောင်အာရှဒေသ၌ ရောက်နေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒါးရက်ခ် ချောလက်တ်က ၎င်းသည် စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့မှ ဒုတိယ မန်နေဂျင်းဒါရိုက်တာ ဟိုဟန်းရှင်းနှင့် တွေ့ဆုံပြီး “အကျိုးရှိသည့်” ဆွေးနွေးမှုတစ်ခု လုပ်ခဲ့သည်ဟု တွစ်တာတွင် ရေးသားထားသည်။

“မြန်မာစစ်အုပ်စုအနေနဲ့ နိုင်ငံရပ်ခြားဘဏ္ဍာရေးအဖိုးတန်ပစ္စည်းတွေကို ဝင်ရောက်အသုံးပြုနိုင်ခြင်း မရှိစေအောင် ပိတ်ပင်ကန့်သတ်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံနိုင်ငံများနှင့် ပြင်ပရှိ မိတ်ဖက်ပါတနာများအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း လိုအပ်လိမ့်မည် ဖြစ်ကြောင်း ကက်ဂန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required