ပါကစ္စတန်လေကြောင်းလိုင်း၏ ဌာနေမန်နေဂျာကို တာလီဘန်တို့ ၂ နာရီကြာ ဓားစာခံထိန်းသိမ်းခဲ့

ပါကစ္စတန်လေကြောင်းလိုင်း၏ ဌာနေမန်နေဂျာကို တာလီဘန်တို့ ၂ နာရီကြာ ဓားစာခံထိန်းသိမ်းခဲ့

အာဖဂန်နစ္စတန်ကို သိမ်းပိုက်အုပ်ချုပ်နေသော တာလီဘန်တို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (PIA) ၏ ဌာနေမန်နေဂျာကို နှစ်နာရီကြာ ဓားစာခံထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်သံမှူး အပါအဝင် အကြီးတန်း အရာရှိအချို့က ကြားဝင်ဖြေရှင်းပေးခဲ့ပြီးနောက် အဆိုပါ လေကြောင်းလိုင်း ဌာနေမန်နေဂျာဖြစ်သူ ပြန်လည်လွတ်မြောက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြောင်း 24NEWS HD TV က ဖော်ပြသည်။

PIA ဌာနေမန်နေဂျာသည် ပါကစ္စတန် သံရုံးကနေ အထွက်တွင် ဓားစာခံ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက အတည်ပြုသည်။ အာဖဂန် ဗီဇာကိစ္စတစ်ခုနှင့်ပတ်သက်ပြီး PIA ဌာနေမန်နေဂျာ ဓားစာခံထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အစောပိုင်းက ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (PIA) သည် အောက်တိုဘာ ၁၄ ရက်တွင် အာဖဂန်နစ္စတန်သို့ လေယာဥ်ပျံသန်းပြေးဆွဲမှုကို ဆိုင်းငံ့ထားခဲ့သည်။

ကဘူးလ်လေဆိပ်၌ နည်းပညာဆိုင်ရာ လုပ်ဆောင်မှုကိစ္စများနှင့် စိတ်ကျေနပ်ဖွယ်ရာမရှိသည့် ခရီးသွားလာမှု ကိစ္စရပ်တို့ကြောင့် အာဖဂန်နစ္စတန်သို့ အထူးလေယာဥ်ခရီးစဥ် ပြေးဆွဲမှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ကြောင်း 24NEWS HD TV က ဖော်ပြသည်။

ကဘူးလ်အတွက် လေယာဥ် ပျံသန်းမှုကို နောက်ထပ် ထုတ်ပြန်ချက်တွေ မထွက်မချင်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း PIA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

ထို့ပြင် PIA နှင့် အာဖဂန်နစ္စတန်၏ Kam Air လေကြောင်းလိုင်းတို့ကို ကဘူးလ်ကနေ အစ္စလမ်မာဘတ်အကြား လေယာဥ်ခရီးစဥ် လက်မှတ်ခများ လျှော့ချရန် တာလီဘန်တို့က သတိပေးခဲ့ပြီး အကယ်၍ မလျှော့ချပါက ယင်းတို့ကို အာဖဂန်နစ္စတန်တွင် လေယာဥ် ဆင်းသက်ခွင့် ပိတ်ပင်မည်ဟု တာလီဘန်တို့က ပြောထားခဲ့သည်။

“ပါကစ္စတန်ရဲ့ PIA နဲ့ အာဖဂန်နစ္စတန်ရဲ့ Kam Air တို့အနေနဲ့ နိုင်ငံမှာ သြဂုတ်လလယ် မတိုင်မီက သူတို့ ကောက်ခံခဲ့တဲ့ အရင်လက်မှတ်ခ နှုန်းထားတွေအတိုင်း ဖြစ်အောင် ပြန်ချမပေးဘူးဆိုရင် ကဘူးလ်ကနေ အစ္စလမ်မာဘတ်အကြား လေယာဥ်ခရီးစဥ် ပျံသန်းမှုတွေကို တားမြစ်သွားမှာဖြစ်ပါတယ်” ဟု အာဖဂန်နစ္စတန်၏ အရပ်ဘက်လေကြောင်းလိုင်း အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်ကို ကိုးကားပြီး Khaama Press က ဖော်ပြသည်။

“စည်းမျဥ်းတွေ ချိုးဖောက်ရင် လေကြောင်းလိုင်းတွေအနေနဲ့ ဒဏ်တပ်အပြစ်ပေးခံရပါလိမ့်မယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PIA သည် ကဘူးလ်ကနေ အစ္စလမ်မာဘတ်သို့ လေယာဥ်ခရီးစဥ် လက်မှတ်ခနှုန်းထားပိုင်းတွင် တစ်စောင်လျင် ဒေါ်လာ ၂,၅၀၀ အထိ စတင် ကောက်ခံခဲ့ပြီးနောက် အာဖဂန်နစ္စတန် အစ္စလမ္မစ် စော်ဘွားနိုင်ငံဘက်က လေကြောင်းလိုင်းများကို သတိပေးမှု လုပ်ခဲ့ခြင်းဖြစ်သည်ဟု Khaama Press က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly