ပါကစ္စတန်တွင် အသတ်ခံရသည့် အင်ဂျင်နီယာများအတွက် တရုတ်အစိုးရက လျော်ကြေး ဒေါ်လာ ၃၈ သန်း တောင်းခံ

ပါကစ္စတန်တွင် အသတ်ခံရသည့် အင်ဂျင်နီယာများအတွက် တရုတ်အစိုးရက လျော်ကြေး ဒေါ်လာ ၃၈ သန်း တောင်းခံ

ပါကစ္စတန်၏ အချိန်မရွေး မဟာမိတ်ဖြစ်သော တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား အင်ဂျင်နီယာများ ဒါစုဆည်တည်ဆောက်ရေး စီမံကိန်းတွင် အသတ်ခံရခြင်းအတွက် အဆိုပါစီမံကိန်း ပြန်လည်မစတင်မီ ပါကစ္စတန်အစိုးရထံမှ လျော်ကြေး အမေရိကန်ဒေါ်လာ ၃၈ သန်း တောင်းခံလိုက်သည်။

ရပ်ဆိုင်းထားသည့် ဒါစုရေအားလျှပ်စစ်စီမံကိန်း မစတင်မီ တရုတ်က လျော်ကြေးလိုချင်ခဲ့ကြောင်း မက်ရှ်ဂွမ်မန်က Business Recorder တွင် ရေးသားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းကြောင့် ဆည်တည်ဆောက်ရေးစီမံကိန်းမှ ဝန်ထမ်းအဖွဲ့ကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ရာတွင် တရုတ် အင်ဂျင်နီယာ ၉ ဦးအပါအဝင် ၁၃ ဦး၊ ဒေသခံ ၂ ဦးနှင့် လုံခြုံရေးအဖွဲ့ဝင် ၂ ဦးတို့ သေဆုံးခဲ့ကာ အခြားလူ ၂၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါစီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ကြောင်း ရေအရင်းအမြစ်ဝန်ကြီးဌာနအတွင်းဝန် ဒေါက်တာရှာဇက်ခန်းဘန်ဂက်ရှ်က ပြောကြားခဲ့ကြောင်း Business Recorder တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသားများအတွက် လျော်ကြေးကို အဆင့်မြင့် အရာရှိများဆွေးနွေးလျက်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်ဝန်ကြီးဌာနနှင့် တရုတ်သံရုံးတို့အကြား အဆိုပါ လျော်ကြေးကိစ္စနှင့် စီမံကိန်းတွင် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးတို့ကို ဆွေးနွေးလျက်ရှိသည်။

ဘတ်စ်ကား တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ဒါစုစီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည့် တရုတ်ကုမ္ပဏီ China Gezhouba အုပ်စု ကော်ပိုရေးရှင်းက လုပ်ငန်းပြန်လည်စတင်ရေးနှင့် ပါကစ္စတန်အလုပ်သမားများကို တာဝန်မှ ရပ်ဆိုင်းရေးကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို ညှိနှိုင်းနေကြောင်း ကြေညာထားသည်။

သို့သော် ကုမ္ပဏီက အလုပ်များ ပြန်လည်မစတင်သေးသလို လျော်ကြေးမရသေးသရွေ့၊ တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ပိုမိုမဆောင်ရွက်ပေးသရွေ့ လုပ်ငန်းများ ပြန်လည်စတင်မည်မဟုတ်ကြောင်း ပြောကြားထားသည်ဟု Business Recorder တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly