ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောများ စေလွှတ်သည့် အမေရိကန်နှင့် ကနေဒါကို တရုတ်က ပြစ်တင်ရှုတ်ချ

ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောများ စေလွှတ်သည့် အမေရိကန်နှင့် ကနေဒါကို တရုတ်က ပြစ်တင်ရှုတ်ချ

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းရန် စစ်သင်္ဘောတစ်စင်းစီ စေလွှတ်ခဲ့ သည့်အတွက် အမေရိကန်နှင့် ကနေဒါတို့ကို တရုတ်စစ်တပ်က အောက်တိုဘာ ၁၇ရက်က ပြစ်တင်ရှုတ်ချခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့သည်။

တရုတ်က ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားထားပြီး ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ကို ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်လေယာဉ်များ အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်လာသည့်အတွက် ထိုင်ဝမ်ကို ဒေါသထွက်စေခဲ့သည်။

အောက်တိုဘာ ၁ ရက်ကစတင်ခဲ့သော ၄ရက်တာကာလအတွင်း တရုတ်က လေယာဉ် ၁၅၀ ခန့် ယင်းဇုန် သို့ စေလွှတ်ခဲ့ခြင်းကြောင့် တရုတ်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေး ပိုမိုတင်းမာလာသဖြင့် နိုင်ငံတကာက စိုးရိမ်ပူပန်ခဲ့ရသည်။

အောက်တိုဘာ ၁၄ရက်နှင့် ၁၅ရက်တွင် ထိုင်ဝမ်နှင့် အိမ်နီးချင်း နိုင်ငံကြီး တရုတ်ကို ပိုင်းခြားထားသည့် ကျဉ်းမြောင်းသည့် ရေလမ်းကြောင်းအတိုင်း Arleigh Burke အဆင့် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Deweyနှင့် ကနေဒါ ဖရီးဂိတ်စစ်သင်္ဘော HMCS Winnipeg တို့သည် ဖြတ်သန်းခုတ်မောင်းသွားခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့သည်။

“ Deweyနှင့် Winnipeg တို့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းမှုက လွတ်လပ်၊ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်နှင့် မဟာမိတ်များနှင့် မိတ်ဖက်များ၏ ကတိကဝတ်ကိုပြသနေသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်တပ်ဖွဲ့များသည် သင်္ဘောများကိုစောင့်ကြည့်နေပြီး ယင်းလမ်းတစ်လျှောက်တွင် အသင့်အနေထား ပြင်ထားခဲ့ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်အရှေ့ပိုင်းတပ်ပေါင်းစုက ထုတ်ပြန်ခဲ့သည်။

“အမေရိကန်နှင့် ကနေဒါတို့သည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကြီးအကျယ် ထိခိုက်စေပြီး ပြဿနာဖြစ်အောင် ပြုလုပ်နေသည်။ ထိုင်ဝမ်သည် တရုတ်ပိုင်နက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ခြိမ်းခြောက်မှုများနှင့် ရန်စမှုမှန်သမျှကို ပြတ်ပြတ်သားသား တန်ပြန်တိုက်ဖျက်ရန် တပ်ပေါင်စုသည် အမြင့်ဆုံး တပ်လှန့်ထားသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ရေတပ်သင်္ဘောများသည် ရေလက်ကြားကို ပုံမှန်အားဖြင့် လစဉ်ဖြတ်သန်းလေ့ရှိပြီး တရုတ်ကို ဒေါသထွက်စေသောကြောင့် တရုတ်က ဒေသတွင်းတင်းမာမှုကို မီးထိုးပေးနေကြောင်း အမေရိကန်ကို စွပ်စွဲထားသည်။ စက်တင်ဘာလက ဗြိတိန်အပါအဝင် အမေရိကန်၏ မဟာမိတ်များသည် ရေလက်ကြားကို သင်္ဘောများ မကြာခဏ စေလွှတ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly