တာလီဘန်အစိုးရ ဝန်ထမ်းဟောင်းများ အမေရိကန်သို့ လာရောက်နိုင်ရန် သမ္မတဘိုင်ဒင် ခွင့်ပြု

တာလီဘန်အစိုးရ ဝန်ထမ်းဟောင်းများ အမေရိကန်သို့ လာရောက်နိုင်ရန် သမ္မတဘိုင်ဒင် ခွင့်ပြု

တာလီဘန်အစိုးရဟောင်း (၁၉၉၆-၂၀၀၁ ခုနှစ်) နှင့် ၎င်း၏ အစိုးရဝန်ထမ်းဟောင်းအား အကြမ်းဖက်မှုနှင့် ဆက်စပ်၍ တားမြစ်ကန့်သတ်မှုများကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုပ်သိမ်းလိုက်ပြီး ၎င်းတို့အား အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

တာလီဘန်အစိုးရ ဝန်ထမ်းဟောင်းများသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ခဲ့သလို နိုင်ငံတကာ လုံခြုံရေးအကူအညီတပ်ဖွဲ့များ (ISAF)၊ ၂၀၀၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အာဖဂန်အစိုးရတို့နှင့် လက်တွဲလုပ်ကိုင်ခဲ့ကြောင်းလည်း Khaama Press သတင်းဌာနက ဖော်ပြခဲ့သည်။

Fox News သတင်းဌာနက ရရှိခဲ့သည့် သမ္မတဘိုင်ဒင်၏ ထုတ်ပြန်ချက်တွင် နိုင်ငံ့ဝန်ထမ်းများသည် ခြိမ်းခြောက်မှု သို့မဟုတ်အခြား အခက်အခဲပြဿနာများအောက်တွင် အလုပ်လုပ်ကိုင်ကြရသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွင် တာလီဘန်တို့ကြောင့် ဖိအားများသက်သာရာ ရခဲ့ကြောင်း ဖော်ပြထားသည်။

တာလီဘန်တို့၏ ပထမပိုင်း အုပ်ချုပ်မှု ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်ကြား နောက်ခံအချက်အလက်များအား စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်မရသူများနှင့် လက်ရှိ စစ်ဆေးမှုများမှ ကင်းလွတ်ခွင့်မရသူများက အမေရိကန်သို့ ဝင်ခွင့်ရမည်မဟုတ်ပေ။

အမေရိကန်တို့အတွက် ၁၀ စုနှစ် ၂ ခုကြာ အလုပ်လုပ်ကိုင်ပေးခဲ့သည့် အမေရိကန်၏ မဟာမိတ် အာဖဂန်နိုင်ငံသား ထောင်ပေါင်းများစွာအား နိုင်ငံတွင်းမှ ကယ်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းနေရချိန်တွင် အမေရိကန်အစိုးရက ယခုဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တာလီဘန်တို့၏ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဝန်ကြီးအများအပြားတွင် အမေရိကန်တို့၏ အမည်ပျက်စာရင်းနှင့် ဆုကြေးထုတ်ပြန် ဖမ်းဆီးမည့်သူများ ပါရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly