သဘောထားတူညီသည့် နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ထိုင်ဝမ်အရာရှိများကို ပညာရှင်အဖွဲ့ အကြံပြု

သဘောထားတူညီသည့် နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ထိုင်ဝမ်အရာရှိများကို ပညာရှင်အဖွဲ့ အကြံပြု

ထိုင်ဝမ်တာဝန်ရှိသူများအနေဖြင့် သဘောထားတူညီသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ပြီး စစ်ပွဲအကြောင်း စကားနိုင်မလုကြရန် ထိုင်ဝမ်ပညာရှင်အဖွဲ့မှ ဒါရိုက်တာတစ်ဦးက အကြံပြုလိုက်သည်။

"ဖြစ်အံ့ဆဲဆဲ စစ်ပွဲကို ကြိုတင်လက်ဦးမှုယူတာထက် ထိုင်ဝမ်ရဲ့ သံတမန်ရေးရာ မဟာဗျူဟာက စစ်ပွဲကို ကြိုတင်တားဆီးရေးကို အာရုံစိုက်သင့်ပါတယ်" ဟု ပြောကြားခဲ့သည့် ထိုင်ဝမ် NextGen ဖောင်ဒေးရှင်းမှ အမှုဆောင်အရာရှိချုပ် ချန်ခွန်ထင်း၏ မှတ်ချက်ကို Taiwan News သတင်းတွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်က ကမ္ဘာပါ်ရှိ အင်အားကြီး မည်သည့်နိုင်ငံနှင့်မျှ လုံခြုံရေးသဘောတူညီချက် မရှိကြောင်းနှင့် အစိုးရက ယုံကြည်မှုကို မြှင့်တင်ရန်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန်အကျိုးစီးပွားအပေါ် အခြေခံ၍ မိတ်ဖက်များနှင့် ပိုမိုကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်ရမည်ဟု ချန်က ပြောကြားခဲ့သည်။

ခိုင်မာသောသံတမန်ဆက်ဆံရေးအား တရုတ်ဆန့်ကျင်ရေးအပေါ်တွင်သာ အခြေမခံသင့်ကြောင်း ချန်က ပြောကြားခဲ့သည်။

“ တစ်နေ့မှာ တရုတ်က ဒေသတွင်းက အခြားနိုင်ငံတွေနဲ့ လေသံပြောင်းပြီး သူတို့နဲ့ ဆက်ဆံရေးကောင်းတွေ ဖန်တီးလာနိုင်ပေမယ့် ကျွန်တော်တို့ အပေါ်ဖိနှိပ်မှုတွေရှိနေသေးရင် ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ ” ဟု ချန်က မေးခွန်းထုတ်ခဲ့သည်။

ထိုင်ဝမ်သံတမန်များ၏ ပထမဆုံးတာဝန်မှာ ထိုင်ဝမ်သည် တရုတ်ကို ဆန့်ကျင်နေရုံသာမက ပိုမိုကျယ်ပြန့်သော အင်ဒို-ပစိဖိတ်ဒေသသို့ အစစ်အမှန်တန်ဖိုးများ ယူဆောင်ဖော်ပြရန်ဖြစ်သည်ဟု ချန်က ပြောကြားခဲ့သည်။

"ထိုင်ဝမ်က မိတ်ဖက်တွေနဲ့ ယုံကြည်မှုရှိရှိပူးပေါင်းဆောင်ရွက်ပြီး အကျပ်အတည်းတွေကို ဘယ်လို လျော့ပါး စေမယ်ဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားသင့်ပါတယ်။ ဒီနည်းအားဖြင့် တရုတ်ရဲ့ တစ်ဖက်သတ်ခြိမ်းခြောက်မှု တွေက မိမိတို့ကို မတည်မငြိမ်ဖြစ်အောင် မလုပ်နိုင်တော့ဘဲ။ တရုတ်က သံတမန်ရေးအရ လုပ်ဆောင် လာပါလိမ့်မယ်" ဟု ချန်၏ ပြောကြားချက်ကို Taiwan News က ကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly