တရုတ်၏ စွမ်းအင်ပြဿနာများက မဟာဗျူဟာမြောက်အားနည်းချက်ကို ပြသနေ

တရုတ်၏ စွမ်းအင်ပြဿနာများက မဟာဗျူဟာမြောက်အားနည်းချက်ကို ပြသနေ

တရုတ်သည် လုပ်ငန်းလည်ပတ်မှုများနှင့် စွမ်းအင်သုံးစွဲမှုကိုလျှော့ချရန် စက်ရုံများအား တွန်းအားပေးနေပြီး ပြည်နယ်အချို့တွင်လုံးဝ မီးပြတ်တောက်မှုများကိုဖြစ်စေသည့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း မီဒီယာများစွာ၌ ဖော်ပြထားသည်။

တရုတ်၏ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် ယုံကြည်စိတ်ချရသော ကုန်ထုတ်လုပ်မှုအတွက် ကမ္ဘာ့မြို့တော်ကြီးအဖြစ် နိုင်ငံ့အခြေအနေကိုစမ်းသပ်နေခြင်းနှင့် မဟာဗျူဟာမြောက် အားနည်းချက်ကို ပြသနေခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အာဏာပိုင်များသည် ကျောက်မီးသွေးများ ပိုမိုတူးဖော်ပြီး အသုံးပြုရန် အလျင်စလိုကြေညာချက်ထုတ်ခဲ့ရသည်ဟုThe New York Times သတင်းတွင် ဖော်ပြထားသည်။

သို့သော် အဆိုပါ ဆုံးဖြတ်ချက်သည် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုတားဆီးရေး ယခင်ကတိကဝတ်များကြောင့် စောင့်ကြည့်မှုခံနေရသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းအေဂျင်စီဖြစ်သော အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ အတွင်းရေးမှူးချုပ်ကျောင်ချန်ရှင်းက “ကျောက်မီးသွေးထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကိုတိုးမြှင့်ဖို့ အားထုတ်မှုဟူသမျှ ကျွန်တော်တို့တွေလုပ်ဆောင်သွားမှာပါ” ဟုပြောသည်။

စုစုပေါင်းပြည်နယ် ၃၁ ခုအနက် ၂၀ တွင် လျှပ်စစ်ဓာတ်အားကို ခွဲတမ်းစနစ်ဖြင့် ပေးနေရသောကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံ၏ စက်မှုကဏ္ဍကို အခက်အခဲ ဖြစ်ပေါ်စေသည်။

ကိုဗစ်-၁၉ ကြောင့်ဖြစ်သောအချိန်အခါမကောင်းသည့်ကာလအပြီးတရုတ်စက်ရုံများမှ စွမ်းအင်လိုအပ်မှုပြန်မြင့်တက်လာမှုကြောင့် ယခုပြဿနာပေါ်ပေါက်လာရသည်ဟု ကျွမ်းကျင်ပညာရှင်များက ယုံကြည်ကြသည်။

ဆောင်းရာသီနီးကပ်လာချိန်တွင် တရုတ်သည် ကမ္ဘာ့နိုင်ငံများသို့ ကုန်ပစ္စည်းထောက်ပံ့ရေး လုပ်ငန်းစဉ်အတွက် စက်မှုကဏ္ဍပစ္စည်းများ အပြည့်အဝဆက်လက်ထုတ်လုပ်ရန် စက်ရုံများအား ခွင့်ပြုမည်လားဆိုသည်ကိုဆုံးဖြတ်ရမည်။

“အိမ်ထောင်စုတွေ မီးနဲ့လျှပ်စစ်ဓာတ်အားရဖို့ တစ်ခုခုကို စတေးရပါမယ်။ စွမ်းအင်အများအပြားသုံးတဲ့ လုပ်ငန်းတွေကို လျှော့ချပစ်ရပါမယ်” ဟုပေကျင်းစီးပွားရေးနှင့်နိုင်ငံရေးသုတေသနကုမ္ပဏီ Plenum၏ ပူးတွဲတည်ထောင်သူနှင့် မိတ်ဖက်ဖြစ်သူ ချန်လျောင်ကပြောသည်။

ခက်ခဲသောရွေးချယ်မှုများကိုဖြစ်စေသည့်အပြင် လျှပ်စစ်ဓာတ်အားပြဿနာသည် နိုင်ငံတွင် စက်မှုလုပ်ငန်း ကုန်ပစ္စည်း ထုတ်လုပ်မှုကို အကြီးအကျယ်နှောင့်ယှက်ဖြစ်နေသည်။ တရုတ်နိုင်ငံနေရာများစွာတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် စက်မှုလုပ်ငန်းကို ကသောင်းကနင်းဖြစ်စေကြောင်း မီဒီယာများကဖော်ပြသည်။

စက်ရုံများနှင့် ကုန်သိုလှောင်ရုံများသည် ကုန်ကျစရိတ်မြင့်မားစေသည့် ဒီဇယ်စက်များကို မှီခိုနေကြရပြီး စီးပွားရေးလုပ်ငန်းရှင်များအကြား မကျေနပ်မှုကိုဖြစ်စေသည်။

CNN သတင်းဌာန၏ ဖော်ပြချက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် တရုတ်အစိုးရအားလျှပ်စစ်အသုံးများဆုံးအချိန်များ၌ ခွဲတမ်းစနစ်ဖြင့်‌ပေးရကာ စက်ရုံများအား ထုတ်လုပ်မှုရပ်ဆိုင်းစေသည်။

ယင်း အခက်အခဲများကြောင့် ပြီးခဲ့သည့်လက စက်မှုထုတ်ကုန် သိသိသာသာကျဆင်းခဲ့ပြီး တရုတ်၏စီးပွားရေးအလားအလာအပေါ် ပြန်လည်သုံးသပ်ခဲ့ရသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly