စွမ်းအင်ပြဿနာဖြေရှင်းရေးအတွက် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ ပိုမိုတည်ဆောက်ရန်နှင့် ရေနံ၊သဘာဝဓာတ်ငွေ့များ ပိုမိုတူးဖော်ရန် တရုတ်ပြင်ဆင်

စွမ်းအင်ပြဿနာဖြေရှင်းရေးအတွက် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ ပိုမိုတည်ဆောက်ရန်နှင့် ရေနံ၊သဘာဝဓာတ်ငွေ့များ ပိုမိုတူးဖော်ရန် တရုတ်ပြင်ဆင်

ကမ္ဘာ့ခေါင်းဆောင်များက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် သဘောတူညီမှုတစ်ခု လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ရသော COP26 ထိပ်သီးအစည်းအဝေးမတိုင်မီရက်သတ္တပတ်အနည်းငယ်အလိုတွင် တရုတ်က ကျောက်မီး သွေးသုံး ဓာတ်အားပေးစက်ရုံများ ပိုမိုတည်ဆောက်ရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ တိုးမြှင့် လုပ်ဆောင်မည့် အစီအစဉ်များကို ကြေညာလိုက်ခြင်းက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ရည်မှန်းချက်များကို လှောင်ပြောင်သလိုဖြစ်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အဆင့်မြင့်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည် ဆောက်ရန်နှင့် ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးကို အရှိန်မြှင့် လုပ်ဆောင်ရန် အရေးကြီး ကြောင်း တရုတ်အစိုးရ၏ နိုင်ငံတော် စွမ်းအင်ကော်မရှင်က အောက်တိုဘာ ၁၂ရက်တွင် ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးအပြီးတွင် တရုတ် ဝန်ကြီးချုပ် လီခါချင်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အခြားစီးပွားရေး အင်အားကြီးနိုင်ငံများ၏ ကတိပြုထားချက်များနောက်တွင် ကျန်ရစ်နေသည့် တရုတ်က ၂၀၃၀ ပြည့်နှစ်မကုန်မီ နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန် ကတိပြုထားမှုကို ပယ်ဖျက်နိုင်သည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

သူ၏ ကြေညာချက်က ဂလတ်စကိုမြို့တွင် နှစ်ပတ်အတွင်းကျင်းပမည့် COP26 ထိပ်သီးအစည်းအဝေး မတိုင်မီ တပ်လှန့် နှိုးဆော်သံဖြစ်စေမည်ဖြစ်ပြီး ကျောက်မီးသွေးကိုလျှော့ချရန် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် ရရှိရန် ဗြိတိန်၏ အစီအစဉ်များကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်သည်။

ကိုဗစ်ကာလနောက်ပိုင်း စီးပွားရေးပြန်ဖွင့်ချိန်တွင် ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားတွင် စက်တင်ဘာလက သွင်းကုန် ၇၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး တရုတ်က ယင်း၏ ကျောက်မီးသွေးတွင်း ၆၈၂ တွင်းမှ နှစ်စဉ်ထုတ်လုပ်မှုကို တန်ချိန် ၅၅ ဒသမ ၃ သန်းသို့ မြှင့်တင်ခဲ့သည်။

ထို့ပြင် အိန္ဒိယသည်လည်း လျှပ်စစ်မီးများပြတ်တောက်မှုကြောင့် ယင်း၏ ကိုယ်ပိုင် တွင်းများတွင် ထုတ်လုပ် မှုကို တိုးမြှင့်ရန်အမိန့်ပေးခဲ့ပြီး တင်သွင်းမှုကိုလည်းတိုးမြှင့်ခဲ့သည်။

တရုတ်သည် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်နေပြီး နိုင်ငံ၏စွမ်းအင် ၅၀ ရာခိုင်နှုန်းကျော်သည် ကာဗွန်ဒိုင်အောက်ဆိုဒ်အများဆုံးထုတ်လွှတ်သည့် ကျောက်မီးသွေးမှ လာသည်။

၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၅၀ ရာခိုင်နှုန်းမလျှော့ချနိုင်ပါက ရာသီဥတုအကျပ်အတည်းသည် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းကဲ့သို့သော ပိုမို ဖျက်အားပြင်းသည့် သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေလိမ့်မည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required