အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မရသည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်

အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မရသည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်

အောက်တိုဘာ ၁၆

မကြာမီကျင်းပမည့် အာဆီယံထိပ်သီးညီလာခံအစည်းအဝေးသို့ စစ်ခေါင်းဆောင်များအား တက်ရောက်ခွင့်မပြုသည့် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ၏ ဆုံးဖြတ်ချက်အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာလ ၁၆ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အထူးအစည်း အဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုရန် ယမန်နေ့ညပိုင်းက ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အထူးအစည်းတွင် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှု ဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဌာန်းထားမှု မရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်း တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိတ်ပျက်မိပြီး၊ ပြင်းထန်စွာ ကန့်ကွက်ပါသည်” ဟု စစ်ကောင်စီ နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အာဆီယံ၏ အစဉ်အလာကောင်းများကို ပစ်ပယ်ခဲ့ခြင်းသည် အာဆီယံနိုင်ငံများ စည်းလုံးညီညွှတ်မှုနှင့် ဗဟိုပြုမှုကို ထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီဘက်က ပူးပေါင်းအကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့်အတွက် မင်းအောင်လှိုင်ကို အာဆီထိပ်သီးအစည်းဝေးတက်ရောက်ခွင့် မပြုဘဲ ဘေးဖယ်ထားလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းမှာ ရေးသားထားသည်။

အာဆီယံအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် မပြုသော်လည်း နိုင်ငံရေးကိုယ်စားမပြုသူကို တက်ရောက်ခွင့်ပြုရန် အာဆီယံနိုင် ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly