ပါကစ္စတန် ဝါရင့်အကြမ်းဖက်သမားများက အိန္ဒိယ၏ ကက်ရှ်မီးယား၌ စစ်သွေးကြွအဖွဲ့များ၏ ခေါင်းဆောင်မှုနေရာကို ရယူ

By Deccanherald
15 October 2021
ပါကစ္စတန် ဝါရင့်အကြမ်းဖက်သမားများက အိန္ဒိယ၏ ကက်ရှ်မီးယား၌ စစ်သွေးကြွအဖွဲ့များ၏ ခေါင်းဆောင်မှုနေရာကို ရယူ

မကြာသေးသည့် နှစ်များအတွင်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် လက်ရှ်ကာ-အီ-တိုင်ဘာ ၊ ဂျိုင့်ရှ်-အီ-မိုဟာမက် နှင့် ဟစ်ဇ်ဘူလ် မူဂျာဟစ်ဒင် အဖွဲ့တို့၏ ဒေသဆိုင်ရာ ခေါင်းဆောင်မှုပိုင်းကို အောင်မြင်စွာ ချေမှုန်းထားခဲ့ပြီးနောက် နယ်စပ်တလျောက်ရှိ စစ်သွေးကြွများကို ပျိုးထောင်လေ့ကျင့်ပေးသူများက ကက်ရှ်မီးယားတောင်ကြားရှိ လစ်ဟာနေသည့် ခေါင်း‌ဆောင်မှုကွက်လပ်ကို ဖြည့်ရန် စီနီယာ ပါကစ္စတန်အကြမ်းဖက်သမားများကို ထည့်သွင်းတာဝန်ပေးရန် ကြိုးပမ်းလျက် ရှိကြောင်း သတင်းရင်းမြစ်များက DH ကို ပြောသည်။

ကက်ရှ်မီးယားတောင်ကြားဒေသတွင် ယခင်က လှုပ်ရှားမှုများ လုပ်ဆောင်ထားခဲ့ဖူးသည့် လက်ရှိ အသက် ၃၀ ဝန်းကျင်ရှိ ပါကစ္စတန် အကြမ်းဖက်သမားများသည် စစ်သွေးကြွအဖွဲ့များ၏ သက်ဆိုင်ရာ ခေါင်းဆောင်မှုနေရာကို ဖြည့်ဆည်းတာဝန်ယူရန် တွန်းအားပေးခံနေရသည်ဟု ၎င်းတို့က ပြောသည်။ “အဲဒီသူတွေထဲမှာ ပြီးခဲ့တဲ့အပတ်က ဆရီနာဂါမှာ လူနည်းစု အစုအဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်မှုတွေရဲ့ ကြိုးကိုင်သူတွေလို့ ယုံကြည်ရတဲ့ ချဟိုတာ ဝါလိဒ် အမည်ရ ပါကစ္စတန် အကြမ်းဖက်သမားတစ်ယောက်လည်း ပါ ပါတယ်” ဟု သတင်းရင်းမြစ်များက ပြောသည်။

နယ်စပ် ထိန်းချုပ်မျဥ်း (LoC) ကနေတဆင့် ပြီးခဲ့သည့် လက ကက်ရှ်မီးယားသို့ ထိုးဖောက်ဝင်ရောက်ထားခဲ့သည်ဟု ယုံကြည်ရသည့် ချဟိုတာ ဝါလိဒ်သည် ကက်ရှ်မီးယားတွင် ယခင်က အကြမ်းဖက်တိုက်ခိုက်မှု တာဝန်နှစ်ခုထက်မနည်း လုပ်ဆောင်ထားခဲ့သည်ဟု ယုံကြည်ရသည်။ “ဝါလိဒ် အပြင် ဝါရင့် ပါကစ္စတန် အကြမ်းဖက်သမား အချို့ဟာလည်း ပြီးခဲ့တဲ့လတွေအတွင်း ကက်ရှ်မီးယားထဲကို ထိုးဖောက်ဝင်ရောက်ထားခဲ့ကြပြီး ကက်ရှ်မီးယား မြောက်ဘက် သစ်တောဧရိယာတွေထဲမှာ ပုန်းခိုနေကြပါတယ်” ဟု ၎င်းတို့က ပြောသည်။

ဝါလိဒ် နှင့် အခြား ဝါရင့် ပါကစ္စတန် အကြမ်းဖက်သမားအချို့သည် ခုခံနိုင်စွမ်း အားနည်းသည့် ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခဲ့သည့် အဖွဲ့တစ်ချို့ကိုလည်း ပြန်လည်လှုပ်ရှားစေအောင် စည်းရုံးလှုံ့ဆော်ထားခဲ့ကြောင်း စီနီယာရဲတစ်ဦးက DH ကို ပြောသည်။

“ခု လက်ရှိ လှုပ်ရှားနေတဲ့ ဒေသ စစ်သွေးကြွတွေထဲမှာဆိုရင် ဘာဟန် ဝါနီ၊ ဆက်ဘ်ဇာ ဘက်၊ ရီယက်ဇ် နိုင်ကူး၊ အဘက်စ် ရှိတ်ခ် နဲ့ အခြားသူတွေလိုမျိုး အသတ်ခံခဲ့ရတဲ့ စစ်သွေးကြွတွေလောက် နာမည်ကြီးသူတွေ မရှိသေးပါဘူး၊ ခုကတော့ ကက်ရှ်မီးယား အတွေ့အကြုံရှိတဲ့ ပါကစ္စတန် အကြမ်းဖက်သမားတွေက ခေါင်းဆောင်မှုနေရာကို ရယူသွားဖို့ ရှိနေပြီး ပိုပြီး အန္တရာယ် ကြီးမားသွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ လတွေအတွင်း အထူးသဖြင့် လူနည်းစု အသိုင်းအဝိုင်းတွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ပါကစ္စတန် စစ်‌သွေးကြွ လေ့ကျင့်ထိန်းကျောင်းသူတွေက ဒေသစစ်သွေးကြွတွေအပေါ် ဖိအားပေးခဲ့တာတွေ ရှိပါတယ်၊ ဒါပေမယ့် အဲဒီ ဒေသစစ်သွေးကြွတွေက မလုပ်ချင်ဘဲ ဖြစ်နေခဲ့ကြလို့ ပါကစ္စတန် စစ်‌သွေးကြွ လေ့ကျင့်ထိန်းကျောင်းသူတွေက ချဟိုတာ ဝါလိဒ် လိုမျိုး ကြောက်စရာကောင်းတဲ့ အကြမ်းဖက်သမားတွေကို ကက်ရှ်မီးယားဆီ လွှတ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မီဒီယာ သတင်းဖော်ပြချက်များအရ ပြီးခဲ့သည့် နှစ်လအတွင်း စစ်သွေးကြွအဖွဲ့ လေးဖွဲ့ကနေ ငါးဖွဲ့အထိသည် ပါကစ္စတန် သိမ်းပိုက်သည့် ကက်ရှ်မီးယားကနေတဆင့် ထိုးဖောက်ဝင်ရောက်ထားနိုင်ခဲ့ပြီး အဖွဲ့တစ်ဖွဲ့လျင် အစွန်းရောက်စစ်သွေးကြွ လေးဦးကနေ ခြောက်ဦးအထိ ပါကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly