နှစ်မျိုးသုံး အခြေခံအဆောက်အအုံစီမံကိန်းများက အင်ဒို-ပစိဖိတ်ဒေသအတွက် စိုးရိမ်စရာဖြစ်နေ

နှစ်မျိုးသုံး အခြေခံအဆောက်အအုံစီမံကိန်းများက အင်ဒို-ပစိဖိတ်ဒေသအတွက် စိုးရိမ်စရာဖြစ်နေ

တရုတ်သည် ရီယမ်ရှိ ရေတပ်စခန်းအား နှစ်၃၀အသုံးပြုရန် ကမ္ဘောဒီးယားနိုင်ငံနှင့် လျှို့ဝှက် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ တစ်ဆက်တည်းမှာပင် အခြေစိုက်စခန်းအတွက်ဟု ယူဆရသော အဆောက်အအုံများတည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်းခွင်၌ တရုတ်ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များလည်း ဖြည့်သွင်းမှုများရှိသည်။ ဤအစီရင်ခံစာများသည် အဖြစ်အပျက်မှန်နှင့်ကိုက်ညီလင့်ကစား ထိုင်းပင်လယ်ကွေ့၏ အရှေ့ဘက်ခြမ်း ရီယမ်တွင် တရုတ်ရေတပ်အခြေစိုက်စခန်းတစ်ခု ဖြစ်လာနိုင်ခြေရှိခြင်းအပါ် မေးခွန်းထုတ်စရာဖြစ်လာသည်။ ကမ္ဘောဒီးယားနှင့် တရုတ်နှစ်ဖက်စလုံးက အဆိုပါသဘောတူညီချက်ကို ငြင်းဆိုခဲ့သော်လည်း ၎င်းတို့အကြား ထုတ်ဖော်မပြသော စစ်ရေးသဘောတူညီချက်သည် အာရှ-ပစိဖိတ်ဒေသတွင်နှစ်မျိုးသုံး အခြေခံအဆောက်အအုံစီမံကိန်းများကို တရုတ်က ဆက်လက်လုပ်ဆောင်နေသည်ဟူသော အခြားဥပမာတစ်ခုကိုညွှန်ပြသည်ဟု အရှေ့တောင်အာရှ၌ တရုတ်၏ အခြေခံအဆောက်အအုံစီမံကိန်းများကို လေ့လာနေသော ကျွမ်းကျင်ပညာရှင်များကပြောသည်။

ဖနွမ်းပင်နှင့်ပေကျင်းတို့အကြား သဘောတူညီချက်မူကြမ်းအရ တရုတ်သည်ဆိပ်ကမ်း၌ အနှစ်၃၀အငှားချခြင်းနှင့် တပ်စွဲရန်နှင့်လက်နက်များ သိုလှောင်ရန်ခွင့်ပြုချက်တို့ကို ရရှိလိမ့်မည်။ တရုတ်စစ်သားများကို ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး အခြေစိုက်စခန်းရှိ ကမ္ဘောဒီးယားသားများသည် ၎င်းစခန်းရှိတရုတ်ဘက်ခြမ်းသို့ ဝင်ရောက်ရန် တရုတ်ထံမှ တရားဝင်ခွင့်ပြုချက်ရရန် လိုအပ်ပေလိမ့်သည်။ ထို့ပြင် ရီယမ်မှ ကီလိုမီတာ၇၀ခန့်အကွာတွင် Chinese Union Development Group (UDG) သည် ဒါရာဆာကောလေဆိပ်ကိုလည်း တည်ဆောက်နေသည်။ ၎င်းလေဆိပ်သည် ဖနွမ်းပင်လေဆိပ်ပြေးလမ်းထက် ပိုရှည်သည်ဟု သတ်မှတ်ခံထားပြီး အဆုံးစွန်အားဖြင့် တရုတ်လေတပ်၏လေယာဉ်များကို ဝန်ဆောင်မှုပေးရန်မျှော်မှန်းထားသည်ဆိုသော စိုးရိမ်မှုများကို မြင့်တက်စေကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးကဆိုသည်။ ကမ္ဘောဒီးယားသည် ၁၉၉၇ခုနှစ်မှစ၍ တရုတ်၏ဦးဆောင်မှုကို မြေဝယ်မကျ နာယူခဲ့သည်။ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း တရုတ်သည်ကမ္ဘောဒီးယားအတွက် ပြည်ပဖွံ့ဖြိုးရေးအကူအညီ (ODA) ကို အကြီးမားဆုံးပံ့ပိုးပေးသူဖြစ်လာပြီး အကူအညီအားလုံး၏၂၀ရာခိုင်နှုန်းနီးပါးရှိသည်။

တရုတ်သည် ကမ္ဘောဒီးယားတွင် အကြီးဆုံးနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၄၀ရာခိုင်နှုန်းနီးပါးရှိသည်။ တရုတ်သည်၂၀၁၂ခုနှစ်မှစ၍ ကမ္ဘောဒီးယား၏ စစ်ဘက်ရေးရာအထောက်အပံ့အများဆုံးလှူဒါန်းသည့် နိုင်ငံဖြစ်သလို လက်နက်အများဆုံး တင်သွင်းသူများအနက် တစ်ဦးဖြစ်သည်။ ယနေ့အထိ ကမ္ဘောဒီးယား၏လက်နက်ဝယ်ယူမှုအားလုံး၏ ၄၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးခဲ့သည်။ တရုတ်သည် ကမ္ဘောဒီးယား၌ ဆိပ်ကမ်းရယူရန် ၎င်း၏ စီးပွားအာဏာကို သုံးဟန်ရှိသည်။

တရုတ်၏ နှစ်မျိုးသုံး အခြေခံအဆောက်အအုံစီမံကိန်း၏ ပွင့်လင်းမြင်သာမှုမရှိခြင်းသည် ဒေသတွင်း၌ ၎င်း၏အဆုံးစွန်သောရည်ရွယ်ချက်များအပေါ်သံသယဖြစ်စေသည်။ကမ္ဘောဒီးယားရှိ အဆောက်အအုံသည် သီရိလင်္ကာ၊ပါကစ္စတန်နှင့်မြန်မာနိုင်ငံတို့တွင်ယခင်ကတွေ့မြင်ဖူးသောအရာနှင့် တစ်ပုံစံတည်းဖြစ်သည်။ ၎င်းနိုင်ငံများတွင် တရုတ်အစိုးရပိုင်လုပ်ငန်းများက စစ်ဆင်ရေးကိုအထောက်အပံ့ပေးနိုင်သော နှစ်မျိုးသုံး အဆောက်အအုံများကို တည်ဆောက်ကြသည်။ တရုတ်ရေတပ်သင်္ဘောများနှင့် လေယာဉ်များပုံမှန်ထက်ပိုရှိနေခြင်းက နိုင်ငံတစ်နိုင်ငံအား တရုတ်၏အကျပ်ကိုင်ခံရသူ အဖြစ်သို့ ပြောင်းလဲစေနိုင်သည်။ ကမ္ဘောဒီးယားရှိအဆောက်အအုံများနှင့် တောင်တရုတ်ပင်လယ်ရှိ စစ်စခန်းများသည် မဟာဗျူဟာအရအရေးပါသော မလက္ကာရေလက်ကြားအပါအဝင် အရှေ့တောင်အာရှကမ်းရိုးတန်း နယ်နိမိတ်တစ်လျှောက်လုံး၌ ပင်လယ်ရေကြောင်းဆိုင်ရာလှုပ်ရှားမှုများကိုစောင့်ကြည့်ရန် တရုတ်အတွက် လွယ်ကူချောမွေ့စေနိုင်သည်ဟူသော ဖြစ်နိုင်ခြေလည်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly