လွိုင်ကော်မြို့ ကုန်းသာကျေးရွာတွင် မိုင်းပေါက်ကွဲ၍ အရပ်သား ၃ ဦးဒဏ်ရာရ

လွိုင်ကော်မြို့ ကုန်းသာကျေးရွာတွင် မိုင်းပေါက်ကွဲ၍ အရပ်သား ၃ ဦးဒဏ်ရာရ
Photo- shwe loikaw

အောက်တိုဘာ ၁၃

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာတွင် မိုင်းတစ်လုံးပေါက်ကွဲ၍ အရပ်သား သုံးဦးဒဏ်ရာရရှိသွားကြောင်း ‌ ဒေသခံများထံက သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် မပေါက်ကွဲသေးသည့် မိုင်းသည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ပေါက်ကွဲသဖြင့် အရပ်သားများ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကုန်းသာကျေးရွာမှ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဘယ်လက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာရရှိပြီး အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ ဘယ်ခြေသလုံး မိုင်းအစ ဖောက်ဝင်၍ သွေးထွက်လွန်နေကြောင်း ရွှေလွိုင်ကော် ပရဟိအသင်းမှ ထုတ်ပြန်သည်။

အလားတူ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ညာခြေသလုံး လက်မဝက်ခန့် ပေါက်သည့် ဒဏ်ရာရရှိခဲ့၍ ၎င်းတို့ သုံးဦးလုံးကို အဆိုပါ ပရဟိတအဖွဲ့မှ လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း ကုန်းသာကျေးရွာနှင့် ဆောင်ကန်းကျေးရွာတို့အတွင်း စစ်ကောင်စီတပ်များမှ ဝင်ရောက်တပ်စွဲ မိုင်းထောင်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

တိုက်ပွဲများနှင့် စစ်ကောင်စီတပ်များကြောင့် ကုန်းသာကျေးရွာမှ ပြည်သူအများစုသည် နေရပ်စွန့်ခွာထွက်ပြေးနေကြရဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly