အရပ်သား အသက်ခံရမှု မြင့်တက်နေသည့် ကက်ရှ်မီးယားဒေသတွင် ဆရာ ၂ ဦး ပစ်သတ်ခံရ

By Aljazeera
12 October 2021
အရပ်သား အသက်ခံရမှု မြင့်တက်နေသည့် ကက်ရှ်မီးယားဒေသတွင် ဆရာ ၂ ဦး ပစ်သတ်ခံရ

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသတွင် အရပ်သားများအား တစ်ပတ်အတွင်း တတိယအကြိမ် တိုက်ခိုက်မှုအဖြစ် အောက်တိုဘာ ၇ ရက်က လူသတ်သမားများ၏ ပစ်သတ်မှုကြောင့် ဆရာ ၂ ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

ဒေသ၏ မြို့တော် ဆရီနဂါမြို့စွန်တွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွက် အာဏာပိုင်များက သူပုန်များကို ပြစ်တင်ရှုတ်ချရာတွင် ဒေသအုပ်ချုပ်ရေးမှူး မန်နော့ဆင်းက အပြစ်မဲ့ပြည်သူများကို ယုတ်မာစွာ တိုက်ခိုက်ခဲ့ကြသူများအား ထိုက်သင့်သည့် တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်သည်။

အမျိုးသမီးဆရာမနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အမျိုးသားဆရာတစ်ဦးတို့သည် ဆရီနဂါမြို့၏ အစ်ဂါအရပ်ရှိ အစိုးရအမျိုးသားအထက်တန်းကျောင်းတွင် သေနတ်သမားများက အနီးကပ် ပစ်ခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ခတ်ခံရသည့် နေရာ၌ပင် သေဆုံးသွားသည့် ဆူပင်ဒါကာအားနှင့် ဒီပက်ခ်ချန်းတို့သည် ဟိန္ဒူနှင့် ဆစ်ခ် လူနည်းစုတိုင်ရင်းသားများ ဖြစ်ကြသည်။

ဆူပင်ဒါ၏ သမီး အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူ ဂျာဆလင်က “အမေက ပုံမှန်လိုပဲ မနက် ၉ နာရီမှာ ကျောင်းကို သွားပါတယ်။ သူက မနက်စာပြင်ပေးခဲ့တယ်။ အမေကျောင်းကို ရောက်တဲ့အခါ ကျွန်မရဲ့ အွန်လိုင်းစာမေးပွဲမှာ အခြေအနေကောင်းလားဆိုတာ လှမ်းပြောဖို့ ကျွန်မသူ့ကို ပြောလိုက်ပါတယ်”ဟု ပြောသည်။

“ကျွန်မအမေ့ကို မနက် ၁၁ နာရီလောက်မှာ ဒုတိယအကြိမ်ခေါ်တဲ့အခါ ဘယ်သူမှ ဖုန်းမကိုင်ဘူး၊ အဲဒီအချိန်မှာ အသတ်ခံရလောက် ပြီးပြီ။ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ မသိတော့ဘူး။ ခဏနေတော့ အမေအသတ်ခံရတဲ့ သတင်းကြားရတာပါပဲ” ဟု ဂျာဆလင်က ပြောသည်။

အသတ်ခံခဲ့ရသည့် အခြားကျောင်းဆရာသည် ဂျမူးဒေသတောင်ပိုင်း ဂျနီပါးမြို့မှ ဖြစ်သည်။အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် လူ ၃ ဦး သီးခြားစီ ပစ်သတ်ခံခဲ့ရခြင်းအပေါ် ရဲများက သူပုန်များအပေါ် ပြစ်တင်ရှုတ်ချထားသည်။

ယခုကဲ့သို့ သတ်ဖြတ်မှုများသည် ကက်ရှ်မီးယားဒေသခံ မွတ်စလင်များကို အပြစ်ပုံချရန် လုပ်ဆောင်ခြင်းဖြစ် ကြောင်း နယ်မြေရဲတပ်ဖွဲ့အကြီးအကဲ ဒီလ်ဘာဆင်းက ပြောကြားသည်။

“ဆရာများအပါအဝင် အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်ခြင်းဟာ ကက်ရှ်မီးယားမှာ နှစ်ကာလရှည်ကြာစွာ ရှိခဲ့တဲ့ ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့ ဆွေမျိုးလိုနေထိုင်ခဲ့တာတွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်တာဖြစ်တယ်” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

လူနည်းစုများကို ရွေးချယ်တိုက်ခိုက်ခြင်းသည် ကက်ရှ်မီးယားဒေသ၌ မွတ်စလင်မဟုတ်သူများ၊ ဒေသခံမဟုတ်သူများအတွက် နေရာမရှိကြောင်းကို ပြသခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အခြားရဲအရာရှိတစ်ဦးက ပြောကြာသည်။

ယခုနှစ်အတွင်း သူပုန်များက အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့သည်။

ကက်ရှ်မီးယားဒေသတွင် သူပုန်ထခြင်းသည် ပါကစ္စတန်တို့၏ ပံ့ပိုးသည့် အကြမ်းဖက်တိုက်ခိုက်မှ ဖြစ်ကြောင်း အိန္ဒိယက စွပ်စွဲထားသော်လည်း ပါကစ္စတန်တို့က ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly