ကြံခင်းမြို့တွင် လက်နက်မိသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ဝါဒဖြန့်မှု ဖြစ်နိုင်ကြောင်းတော်လှန်ရေး အင်အားစုဆို

ကြံခင်းမြို့တွင် လက်နက်မိသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ဝါဒဖြန့်မှု ဖြစ်နိုင်ကြောင်းတော်လှန်ရေး အင်အားစုဆို

အောက်တိုဘာ ၁၁

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင်အောက်တိုဘာလ ၉ရက်က ပြည်သူ့ကာကွယ်ရေးတပ်( PDF)အဖွဲ့ဝင် တစ်ဦးနှင့်အတူ တူရကီနိုင်ငံထုတ် လက်နက်များ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်သည် ဝါဒဖြန့်မှု ဖြစ်နိုင်သည်ဟု ဧရာဝတီတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုများက သုံးသပ်ပြောကြားသည်။

ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် တူရကီနိုင်ငံထုတ် လက်နက်များဖြစ်သည့် MK 12 မောင်းပြန်ရိုင်ဖယ် ၁၁ လက်၊ M 22 မောင်းပြန်ရိုင်ဖယ် ရှစ်လက်၊ M 16 မောင်းပြန်ရိုင်ဖယ် ၃၀ လက်၊ကျည်အိမ် ၄၀ ကျော်၊ ကျည်မျိုးစုံ ၂,၀၀၀ ကျော်နှင့် ရှေ့ထွက်မိုင်း နှစ်လုံး ၊နင်းမိုင်းများ၊ စနက်တံများ၊ ချိန်ကိုက်နာရီများ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာမျက်နှာများမှ ဖော်ပြခဲ့ပြီးနောက်တွင် စစ်ကောင်စီ ဝါဒဖြန့်ချီရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ အောက်တိုဘာလ ၁၁ရက်နေ့တွင် အဆိုပါ ကိစ္စရပ်ကို သတင်းထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“လက်နက်တွေ မိတယ်ဆိုကတည်းက ကျွန်တော်လည်း လိုက်မေးတယ်။ ဘယ်အဖွဲ့က လက်နက်တွေလဲဆိုတာကို ဘယ်အဖွဲ့လက်နက်မှ အဖမ်းလည်းမခံရဘူး။ ကိုယ့်လူတွေထဲက အဖမ်းခံရသူလည်း မရှိဘူး။ သူတို့မိတယ်ဆိုတဲ့ လက်နက်က အကောင်းစားတွေ ဒါမျိုးက ဝယ်လို့လည်း မလွယ်ဘူး။ တော်လှန်ရေးသမားတွေ ဝယ်နိုင်တဲ့ လက်နက်အမျိုးအစားမျိုး မဟုတ်ဘူး။ စပြီး ဖမ်းမိတယ်ဆိုထဲက သူတို့ဖော်ပြနေတာ တူရကီနိုင်ငံထုတ်လက်နက်တွေဆိုပြီးတော့ ဖော်ပြနေတာ၊ အဲထဲက တစ်ခုခုလွဲနေပြီလို့ သဘောပေါက်တယ်။ အဲလောက်များတဲ့ လက်နက်တွေကို သူတစ်ယောက်ထဲ ဘယ်လိုသယ်လာမလဲ၊ ရန်ကုန်မှာနေတဲ့သူက ကြံခင်းကို ဘယ်လိုရောက်လာလဲ ”ဟု လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေသည့် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် လက်နက်များသည် KNUတပ်မဟာ (၆) နယ်မြေမှ သင်တန်းဆင်းလာသည့် PDFတစ်ဦးက သယ်ယူလာခြင်းဖြစ်ပြီး စစ်ကောင်စီက PDF ဟု ဖော်ပြထားသူသည် ကြံခင်းမြို့နယ်တွင်နေထိုင်သူ မဟုတ်ဘဲ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“သေနတ်တွေမိတယ်ဆိုတဲ့နေ့က သူတို့က အေးဆေးပဲ။ သေနတ်တွေသယ်ဖို့ ကားတောင်သွားရှာလိုက်သေးတာ။ ပုံမှန်ဆို အခုလိုမိတယ်ဆိုတာနဲ့ ပျာယာခတ်နေမယ်။ မြို့အဝင်အထွက်တွေ ပိတ်မယ်။ ရွာနဲ့တောထဲကို တောနင်းရှာမယ် ။ အဲလိုတွေလုပ်ကြမယ့်သူတွေက အဲနေ့က ဖဲဝိုင်းဝင် ဖမ်းသလောက်တောင် လှုပ်ရှားမှုမရှိခဲ့ဘူး”ဟု ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ တူရကီနိုင်ငံထုတ် လက်နက်များ ဖမ်းဆီးရမိခြင်းသည် နောက်ကွယ်မှ OIC က ထောက်ပံ့နေခြင်းလည်း ဖြစ်နိုင်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောကြားထားပြီး စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး သတင်း စာမျက်နှာများတွင် ဖမ်းဆီးရမိသူ၏ အမည်နှင့် ရုပ်ပုံကို ယခုအချိန်ထိ ထုတ်ပြန်ထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required