အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဒုပါချုပ် စစ်ကောင်စီ ရာထူးတိုးပေးသည့် တာဝန်ထမ်းဆောင်ရန် အသွားလမ်းတွင် ကားမှောက်မှုဖြစ်ပွား

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဒုပါချုပ် စစ်ကောင်စီ ရာထူးတိုးပေးသည့် တာဝန်ထမ်းဆောင်ရန် အသွားလမ်းတွင် ကားမှောက်မှုဖြစ်ပွား

အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (NUAC) ၏ ဒုတိယပါမောက္ခချုပ် ဦးကျော်သူရသည် အောက်တိုဘာ ၁၀ရက် နေ့လည်ပိုင်းက စစ်ကောင်စီက ရာထူးတိုးပေးသည့် ယင်း ဒုတိယပါမောက္ခချုပ် တာဝန်ထမ်းဆောင်ရန် အသွားလမ်းတွင် ကားမှောက်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံက သိရသည်။

ဦးကျော်သူရသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် စီမံ ဒုဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် စီမံဌာနမှူး အဖြစ် ရာထူးတိုးကာ မန္တလေး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ဒုပါချုပ်အဖြစ်ထပ်မံရာထူးတိုးခြင်းဖြစ်သည်။

ကားတိုက်မှုနှင့် ပတ်သက်၍ ဦးကျော်သူရ၏ သမီးဖြစ်သူက ၎င်း၏ ဖေ့ဘုတ်စ်အကောင့်မှ တစ်ဆင့် ''မနေ့က မန္တလေးသွားရင်း ကားမှောက်တာ ကားကလိမ့်သွားတာ ၊ ဇောက်ထိုးကြီး မောင်လေးနဲ့ ဘွားဘွားက အပြင်ကိုလွင့်ထွက်သွားတာ ၊ဘိုးဘိုးကပေါင်ရိုးကျိုးသွားတယ်။ မောင်လေးက အရိုးကြေသွားတယ် ထင်တယ်။ ဖေဖေနဲ့မေမေက Seat Belt ပတ်ထားတော့ဘာမှမဖြစ်ဘူး။ ခိုင်ကတော့ လက်တော်တော်ပွန်းသွားတာ ဘွားဘွားအပြင် လွင့်သွားတော့ ပလတ်ဖောင်း နဲ့ဆောင့်သွားတာ အဲဒီတုန်းက အသက်ရှိသေးတယ်။ အခြေအနေတော့သိပ်မဟန်ဘူး။ ဆေးရုံရောက်တော့ ဆုံးသွားတာပဲ''ဟု ရေးသားထားသည်ကို တွေ့ရသည်။

ယင်းကားမှောက်မှုတွင် ဦးကျော်သူရနှင့် ဇနီးအပါအဝင်မိသားစု ခြောက်ဦးထိခိုက်ဒဏ်ရာ ရရှိကာ ဇနီး၏ မိခင်ဖြစ်သူ သေဆုံးသွားခဲ့သည်ဟု သိရသည်။

ကားမှောက်သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက'' ကားက ဘရိတ်ပေါက်တာလား ။ ဘာဖြစ်တာလဲတော့ မသိဘူး။ ကားက သုံးပတ် လေးပတ်လောက် လည်ပြီးတော့ မှောက်သွားတာ ''ဟု ပြောသည်။

စစ်ကောင်စီမှ ဒုပါချုပ်အဖြစ် ရာထူးတိုးပေးခဲ့သည့် ဦးကျော်သူရသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သို့ စစ်ဗိုလ်မှ အငြိမ်းစားယူပြီး အရပ်ဘက်ပြောင်း၍ စီမံဌာနသို့ ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် ဒုတိယပါမောက္ခချုပ်(သင်ကြား)ဖြစ်သူ ဦးညွန့်ဝင်းနှင့် အတူပူးပေါင်း၍ CDM ပြုလုပ်သည့် ဆရာ၊ ဆရာမများကို တိုင်ကြားမှုများ ပြုလုပ်ခြင်း၊ CDM ပြုလုပ်သည့် ဆရာ ၊ ဆရာမများကို အတင်းအကျပ်လက်မှတ်ထိုးခိုင်းကာ ဝန်ထမ်းလိုင်းခန်းမှ ဖယ်ရှားခြင်းနှင့် ဖိအားပေး ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် ဒုပါမောက္ခချုပ်ဦးညွန့်ဝင်းမှာ ပါမောက္ခချုပ်အဖြစ် ရာထူးတိုးပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required