မန်စီးတီးကို အနိုင်ရပြီးနောက် ယုံကြည်မှုများ ပိုမိုရရှိလာဟု အာစင်ဝင်းဂါးပြော

မန်စီးတီးကို အနိုင်ရပြီးနောက် ယုံကြည်မှုများ ပိုမိုရရှိလာဟု အာစင်ဝင်းဂါးပြော

လန်ဒန်၊ ဒီဇင်ဘာ ၂၂ ။            ။ အမ်းမရိတ်ကွင်းတွင် မန်စီးတီးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်ရာတွင် ပိုမိုယုံကြည်မှုများရရှိလာပြီဖြစ်ကြောင်း အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ပြောသည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်တွင် အာဆင်နယ်အသင်းသည် ရမှတ် ၃၆ မှတ် ရရှိထားပြီး ဒုတိယနေရာမှ မန်စီးတီးအသင်းကို လေးမှတ် ဖြတ်ထားနိုင်သည်။ သို့သော် အမှတ်ပေးဇယား ထိပ်ဆုံးမှ လက်စတာအသင်းနှင့် နှစ်မှတ်ကွာဟလျက်ရှိသည်။

မန်စီးတီးကို အနိုင်ရခဲ့သည့်ပွဲတွင် အာဆင်နယ်အတွက် အနိုင်ဂိုးများကို ဝဲလ်ကော့နှင့် ဂီရော့ဒ်တို့က သွင်းယူပေးခဲ့ကြပြီး ယာယာတိုရေးက ချေပဂိုးတစ်ဂိုးပြန်လည် သွင်းယူပေးခဲ့သည်။

'ဒီနိုင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှုနဲ့ ခွန်အားတွေ ပိုမိုရရှိစေပါတယ်။ ပြိုင်ပွဲထဲမှာ ဖိအားတွေရှိနေတာကို မြင်နိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်း ပိုမိုကောင်းမွန်လာပါပြီ' ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းသည် နောက်ဆုံးခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိထားပဲ ငါးပွဲ အနိုင်ရရှိအောင် ကစားနိုင်ထားနိုင်သည်။ အာဆင်နယ်အသင်းသည် ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်ဖလားကို   နောက်ဆုံးရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပရီးမီးယားလိဂ်ဖလား ရခဲ့သည့် နောက်ဆုံးသုံးကြိမ်တွင် နှစ်ကြိမ်မှာ ခရစ္စမတ်ကာလ၌ ဒုတိယနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းမှာ အဆင့် ၁၅ အထိရောက်ရှိနေပြီး မန်ယူအသင်းမှာလည်း ရလဒ်များဆိုးရွားနေသည့်အတွက် အာဆင်နယ်အသင်းမှာ ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားကို ရရှိရန် ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။

အာဆင်နယ်အသင်း၏ လက်ရှိအခြေအနေက ယခင်နှစ်များနှင့် မတူသည်မှာ အဓိက ကစားသမားအများစု ဒဏ်ရာရနေသော်လည်း လိုအပ်သည့်နိုင်ပွဲများကို ရယူနိုင်ခဲ့ကြောင်း အာစင်ဝင်းဂါးက   ပြောသည်။ ထိုအရာမှာ အပေါင်းလက္ခဏာဆောင်ပြီး အသင်း၏ စိတ်ဓာတ်နှင့် စုစည်းမှုကို ပြသနိုင်ခြင်းဟုလည်း ဝင်းဂါးက ယုံကြည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly