တရုတ်လေယာဉ် ၁၅၀နီးပါး ၄ရက်အတွင်း ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်သဖြင့် နှစ်ပေါင်း၄၀အတွင်း အဆိုးဆုံး တင်းမာမှုဖြစ်

တရုတ်လေယာဉ် ၁၅၀နီးပါး ၄ရက်အတွင်း ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်သဖြင့် နှစ်ပေါင်း၄၀အတွင်း အဆိုးဆုံး တင်းမာမှုဖြစ်

တရုတ်စစ်လေယာဉ်၁၅၀နီးပါးသည်၄ ရက်အတွင်း ထိုင်ဝမ်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် တရုတ်နှင့်ထိုင်ဝမ်အကြား တင်းမာမှုသည် မြင့်တက်လျက်ရှိသည်။

အောက်တိုဘာလ၁ရက် မှစတင်ပြီး ၄ ရက်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ စစ်လေယာဉ်၁၅၀နီးပါးသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ထဲသို့ဝင်ရောက်ခဲ့ကြောင်းနှင့် တိုင်းပြည်အပေါ် တရုတ်က ဆက်လက်နှောင့်ယှက်နေသည့်ပုံစံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထိုင်ဝမ်ကပြောခဲ့သည်ဟုTaipei Times ကဖော်ပြသည်။

တရုတ်လေယာဉ်များ ထိုင်ဝမ်သို့ ကျူးကျော်ဝင်ရောက်မှုအရေအတွက် စံချိန်တင်ပြီးနောက် နှစ်ပေါင်း၄၀ကျော်အတွင်းတရုတ်နှင့်စစ်ရေးတင်းမာမှုများသည် အဆိုးရွားဆုံးဖြစ်နေသည်ဟု ကာကွယ်ရေးဝန်ကြီးချူးကောင်ချန်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ဥပဒေပြုလွှတ်တော်၏နိုင်ငံခြားရေးနှင့်အမျိုးသားကာကွယ်ရေးကော်မတီအစည်းအဝေး၌တရုတ်မျိုးချစ်ပါတီ (KMT) မှ ဥပဒေပြုလွှတ်တော် အမတ်ဝီလျံဆန်က တရုတ်နှင့်လက်ရှိစစ်ရေးတင်းမာမှုများအကြောင်း ချူးကိုမေးမြန်းခဲ့သည်ဟုTaipei Times ကဖော်ပြခဲ့သည်။

တရုတ်သည်ထိုင်ဝမ်ကိုဝင်ရောက်ကျူးကျော်နိုင်စွမ်းရှိပြီး၎င်း၏စစ်တပ်သည်၂၀၂၅ခုနှစ်မတိုင်မီ“ အင်အားအပြည့် ကျူးကျော်မှုကိုမြှင့်တင်နိုင်စွမ်းရှိလိမ့်မည်ဟု ချူးကပြောသည်။

"၂၀၂၅ခုနှစ်ရောက်တဲ့အခါ တရုတ်ကကုန်ကျစရိတ်နဲ့ဆုတ်ယုတ်မှုကို အနိမ့်ဆုံးရောက်အောင်လုပ်ပါလိမ့်မယ်။ အခုချိန်စွမ်းရည်ရှိပေမယ့် အခြားအကြောင်းအရာများစွာကို ထည့်သွင်းစဉ်းစားနေရတဲ့အတွက် စစ်ပွဲကိုအလွယ်တကူနဲ့ စနိုင်မှာမဟုတ်ပါဘူး" ဟုချူးကလွှတ်တော်၏ဘဏ္ဍာရေးကော်မတီသို့ ပြောကြားခဲ့သည်။ ကော်မတီသည်ဒုံးကျည်များနှင့် စစ်သင်္ဘောများအပါအဝင် ပြည်တွင်းထုတ်လက်နက်များအတွက် အထူးစစ်လက်နက်ဝယ်ယူမှု အမေရိကန်ဒေါ်လာ၈ ဒသမ ၆ဘီလီယံ ကို ပြန်လည်သုံးသပ်နေကြောင်းTaipei Times ကဖော်ပြသည်။

HsiungFeng IIE (Brave Wind) ဒုံးကျည်သည်ကီလိုမီတာ၆၀၀အကွာအဝေးထိရောက်နိုင်ကာHsiung Sheng ခရုဇ်ဒုံးကျည်သည် ကီလိုမီတာ၁၀၀၀ကျော်အကွာအဝေးထိ ပစ်ခတ်နိုင်သည်ကို သိရှိပြီးနောက် စစ်တပ်က ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်အပေါ် လွှတ်တော်အမတ်များ၏ ယုံကြည်မှုကိုမြင့်တက်စေသောHsiung Sheng ဒုံးကျည်ကိုပွဲထုတ်ပြသခဲ့သည်။

ယခုဝယ်ယူမှုတွင်Hsiung Sheng ဒုံးကျည်အစင်း၁၀၀ကျော် ပါဝင်နိုင်ဖွယ်ရှိပြီး ၎င်းသည် တရုတ်ကိုဟန့်တားရန် ထိုင်ဝမ်၏စွမ်းရည်ကို တိုးစေသည်ဟုသတင်းရင်းမြစ်ကဆိုကြောင်းTaipei Times ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly