မအူပင်မြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်၊ ထိခိုက်ဒဏ်ရာရသူများရှိ

မအူပင်မြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်၊ ထိခိုက်ဒဏ်ရာရသူများရှိ

အောက်တိုဘာ ၁၁

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး သုံးဦးရှိကြောင်း ဒေသခံများက သတင်းပေးပို့လာသည်။

မအူပင်မြို့၊ မြို့သစ် (၇)လမ်းတွင် ရှိသည့် အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် ယနေ့အောက်တိုဘာလ ၁၁ ရက် မနက် ၈ နာရီကျော်က ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်တွင် မအူပင်မြို့ ကမ်းနားလမ်းရှိ ‌ငွေပဒေသာထီဆိုင်နှင့် အအေးဆိုင် ကြားတွင် ရပ်ထားသည့်ဆိုင်ကယ်မှ ပေါက်ကွဲမှုထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြို့သစ် (၇)လမ်းပေါက်ကွဲမှုတွင် လူထိခိုက်ခြင်း မရှိဘဲ ကမ်းနားလမ်း ပေါက်ကွဲမှုတွင် လူသုံးဦးခန့် ထိခိုက်သွားကြောင်း ဒေသခံများထံက သိရသည်။

"မြို့သစ် (၇) လမ်းက အရက်ဆိုင်က စစ်သားနဲ့ရဲတွေအဝင်အထွက်ရှိပြီး သူတို့ကို အရက်တိုက်နေတဲ့ဆိုင်ပါ။ နောက်တစ်လုံးက စစ်ခွေးနဲ့ရဲတွေ ထိုင်နေကျ အအေးဆိုင်အနားမှာ ရပ်ထားတဲ့ဆိုင်ကယ်က ထပေါက်တာပါ။ ပေါက်တဲ့အသံက အကျယ်ကြီးပဲ။ လေးယောက်ထိတယ်လို့လည်း ကြားသိရတယ်။ ကျွန်တော်သိတာတော့ မိန်းကလေး နှစ်ယောက်နဲ့ ယောက်ျားလေး တစ်ယောက်ပဲ။ ဓာတ်ပုံထဲက လဲနေတဲ့ တစ်ယောက်ကတော့ ညာဘက်ခြေထောက်ထိတယ်။ သွေးတွေတော့ အများကြီးပဲ။ သေတော့မသေလောက်ဘူးထင်တယ်" ဟု ‌မအူပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်သားများက မအူပင်မြို့ပေါ်ရှိ လမ်းတချို့တွင် ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်များဖြင့် မအူပင်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ၎င်းက ဆိုသည်။

မအူပင်မြို့တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဗုံးပေါက်ကွဲမှု ရှစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး အောက်တိုဘာလ ၇ ရက်‌က မအူပင်မြို့ ယာဉ်ထိန်းရဲကင်းရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တင်းကျပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly