ပါကစ္စတန် မီဒီယာဖွံ့ဖြိုးမှုအာဏာပိုင်အဖွဲ့က နိုင်ငံသားတိုင်းအပေါ် ထိခိုက်စေလိမ့်မည်ဟု ဂျာနယ်လစ်များသမဂ္ဂ ပြော

By The News International
09 October 2021
ပါကစ္စတန် မီဒီယာဖွံ့ဖြိုးမှုအာဏာပိုင်အဖွဲ့က နိုင်ငံသားတိုင်းအပေါ် ထိခိုက်စေလိမ့်မည်ဟု ဂျာနယ်လစ်များသမဂ္ဂ ပြော

ပါကစ္စတန် ဖက်ဒရယ်ဂျာနယ်လစ်များ သမဂ္ဂ (PFUJ) နှင့် Khyber ဂျာနယ်လစ်များသမဂ္ဂ (KhUJ) တို့ အောက်တိုဘာ ၄ ရက်တွင် စီစဥ်ပြုလုပ်ခဲ့သော ညီလာခံအစည်းအဝေးတစ်ခုကနေတဆင့် နိုင်ငံတွင် အဆိုပြုထားသည့် ပါကစ္စတန် မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့ (PMDA) ထူထောင်မည့်ကိစ္စကို ပယ်ချသွားခဲ့သည်။ PMDA က နိုင်ငံတွင် လွတ်လပ်သော မီဒီယာ၏ ထုတ်ဖော်တင်ပြမှုများအပေါ် ဖိနှိပ်ရန်နှင့် ပြည်သူများ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို ပိတ်ပင်ရန် ရည်ရွယ်သည့် အားထုတ်မှုသာ ဖြစ်သည်ဟု ၎င်းတို့က ပြောခဲ့ကြသည်။

ပက်ရှာဝါ သတင်းမီဒီယာကလပ်၌ ပြုလုပ်သည့် ညီလာခံအစည်းအဝေး၌ ပါဝင်တက်ရောက်လာသူများက PFUJ က စီစဥ်ထားသော ကွက်တားမှ အစ္စလမ်မာဘတ်သို့ ခရီးဝေးချီတက်ဆန္ဒပြမှု အစီအစဥ်ကို ထောက်ခံကြောင်း ကြေညာခဲ့သည်။ နိုဝင်ဘာ ပထမအပတ်တွင် လုပ်ဆောင်မည့် လမ်းလျှောက်ချီတက်မှုတွင် လူ့အခွင့်အရေးအဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် ရှေ့နေများလည်း ပါဝင်ကြလိမ့်မည်ဟု ၎င်းတို့က ပြောသည်။

နိုင်ငံရေးသမားမဟုတ်သူတစ်ဦးက နိုင်ငံအပေါ် အခွင့်အရေးယူထားခဲ့ပြီး လက်ရှိ အုပ်ချုပ်နေသူများက မီဒီယာ၏ စွမ်းအားနှင့်အတူ အာဏာရထားခဲ့ခြင်း ဖြစ်ကြောင်း အဝါမီ အမျိုးသားရေး ပါတီ (ANP) ၏ ဗဟိုခေါင်းဆောင် ဟာဂျီ ဂူလမ် အာမက်ဒ် ဘီလောင်က အခမ်းအနားတွင် ပြောခဲ့သည်။

ညံ့ဖျင်းသော အုပ်ချုပ်သူများက နိုင်ငံကို ပျက်စီးမှုဆီသို့ ရောက်ရှိစေရန် တွန်းပို့ထားခဲ့သည်ဟု ဝါရင့်နိုင်ငံရေးသမားက ပြောသည်။ အရည်အချင်းမပြည့်သည့် အုပ်ချုပ်သူများအပေါ် အစာငတ်ခံ ဆန္ဒပြမှုတစ်ခုကိုလည်း ၎င်းတို့ အောက်တိုဘာ ၇ ရက်မှစပြီး လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

PMDA သည် ဂျာနယ်လစ်များအတွက်ပဲ ပြဿနာရှိမည် မဟုတ်ဘဲ ယင်းက နိုင်ငံသားတိုင်းအပေါ် ထိခိုက်စေလိမ့်မည်ဟု PFUJ ဥက္ကဋ္ဌ ရှဇာဒါ ဇူလ်ဖီခါက ပြောသည်။ PMDA ကနေတဆင့် မီဒီယာ မာရှယ်လော ပြဋ္ဌာန်းနေခဲ့ပြီး ယင်းကို မည်သည့်နည်းနှင့်မျှ လက်ခံနိုင်ရန် မရှိဟုလည်း ၎င်းက ပြောခဲ့သည်။

ဂျာနယ်လစ်များသည် လွတ်လပ်သော မီဒီယာအတွက် စွန့်လွှတ်အနစ်နာခံမှု လုပ်ထားခဲ့သလို နောင်လည်း ယင်းအတိုင်း ဆက်လုပ်သွားမည်ပင် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ အစိုးရသည် ဆော်ဒီ အာရေဗျနှင့် တရုတ်တို့တွင်ကဲ့သို့သော မီဒီယာမျိုးကို ဖြစ်စေချင်ကြောင်း၊ သို့သော် ယင်းကို လက်ခံသွားမည် မဟုတ်ကြောင်း PFUJ အကြီးအကဲက ပြောသည်။

ဂျာနယ်လစ် ထောင်နှင့်ချီသည် အလုပ်မှ ထုတ်ပယ်ခံထားရသော်လည်း အဆိုပါ တူညီသော မီဒီယာလုပ်ငန်းအဖွဲ့များမှာမူ ရူပီး သန်းချီ တန်ဖိုးရှိ ကြော်ငြာများ ရရှိနေခဲ့ကြောင်း ရှာဇာဒါ ဇူလ်ဖီခါက ပြောသည်။ သတင်းစာလုပ်သားများဆိုင်ရာ အကောင်အထည်ဖော်ဆောင်မှု ခုံရုံး (ITNE) ဥက္ကဋ္ဌကို ပြီးခဲ့သည့် တစ်နှစ်က ရွေးချယ်ထားခဲ့ခြင်း မရှိသလို လုပ်ခငွေကြေးဆိုင်ရာ ဘုတ်အဖွဲ့ ဆုကြေးချီးမြှင့်မှုကိုလည်း အကောင်အထည်ဖော်ခဲ့ခြင်း မရှိဟု ၎င်းက ပြောခဲ့သည်။

လွတ်လပ်သော မီဒီယာ၏ ထုတ်ဖော်တင်ပြမှုကို ဖိနှိပ်ရန် FIA ၊ ရဲတပ်ဖွဲ့နှင့် အခြား အင်စတီကျူးရှင်းများကို အသုံးပြုထားခဲ့သည်ဟုလည်း PFUJ အကြီးအကဲက ပြောသည်။ မီဒီယာလုပ်ငန်းသည် အဆိုးဆုံး အကျပ်အတည်းကာလတစ်ခုကို ဖြတ်ကျော်နေရသလို အလုပ်သမားများသည်လည်း လစာပင် မရရှိမှုများ ရှိထားခဲ့သည်ဟု PFUJ အထွေထွေအတွင်းရေးမှူး နက်ဆီအာ ဇိုင်ဒါက ပြောသည်။ ဥပဒေများကို အကောင်အထည် မဖော်ထားခဲ့သလို လုပ်ခငွေကြေးဆိုင်ရာ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များကိုလည်း လျစ်လျူရှုထားခဲ့ကြောင်း ၎င်းက ပြောသည်။

မီဒီယာလုပ်ငန်းအတွင်း အကျပ်အတည်း ပေါ်ပေါက်ထားခဲ့ပြီး လွတ်လပ်သော မီဒီယာ၏ အခွင့်အရေးများကို အလစ်သုတ် ရုပ်သိမ်းရန် ကြိုးပမ်းအားထုတ်မှုများ ရှိနေကြောင်း နက်ဆီအာ ဇိုင်ဒီက ပြောသည်။ အလုပ်သမား ၁၀,၀၀၀ ကျော် အလုပ်အကိုင်များ ဆုံးရှုံးထားခဲ့သလို ဂျာနယ်လစ်များ အသတ်ခံရမှုများ ရှိခဲ့သော်လည်း ရာဇဝတ်သားများမှာမူ ဖမ်းဆီးခံရခြင်း မရှိဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly