ကျောက်မီးသွေးသုံးဓာတ်အားပေးစီမံကိန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရှုံးပေါ်နေ

By The Hong Kong Post
09 October 2021
ကျောက်မီးသွေးသုံးဓာတ်အားပေးစီမံကိန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရှုံးပေါ်နေ

တရုတ်သည် ခါးပတ်လမ်းစီမံကိန်း (BRI) အဖွဲ့ဝင်နိုင်ငံများရှိ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ရပ်ဆိုင်းထားရသည့်အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးလျက်ရှိသည်။

ကွန်မြူနစ်နိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီချက်အရ ကမ္ဘာ့အပူချိန်ကို ၁ ဒသမ၅ ဒီဂရီ ထက်မပိုအောင်ထိန်းခြင်းဖြင့် မျက်နှာကောင်းရနိုင်သော်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံများစွာ၏အစိုးရများကို ဆုံးရှုံးမှုများ ဖြစ်စေသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ပြည်ပတွင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းသစ်များ မတည်ဆောက်တော့ဟု လွန်ခဲ့သောရက်အနည်းငယ်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောခဲ့သည်။ လက်တွေ့တွင်မူ တရုတ်ငွေကြေးထောက်ပံ့သော စီမံကိန်းအများစုသည် BRI နိုင်ငံများရှိ ပြည်သူများ၏ ဆန့်ကျင်မှုများလာခြင်း သို့မဟုတ် မထိရောက်၍ ကျွမ်းကျင်မှုမရှိသော စီမံကိန်း အကောင်အထည်ဖော်မှုများကြောင့် ပိတ်ပစ်ရခြင်း သို့မဟုတ် အသုံးမပြုနိုင်တော့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်၌ ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်သူမှာ တရုတ်ဖြစ်သည်။ BRI အဖွဲ့ဝင်နိုင်ငံများတွင် ၁၀ စုနှစ် တစ်ခုကျော်ကြာ အလားတူဓာတ်အားပေးစက်ရုံစီမံကိန်းများကို စတင်ခြင်းဖြင့်တရုတ်သည် ပါရီသဘောတူညီချက်ပန်းတိုင်ကို တစ်ဦးတည်း ခြိမ်းခြောက်ခဲ့သည်။

BRI ကျောက်မီးသွေးစီမံကိန်းများကို ဆန်းစစ်သော The Green Belt and Road Initiative Center (GBRIC) အဖွဲ့က တရုတ်သည် ၂၀၁၄ နှင့် ၂၀၂၀ အတွင်းတွင် ကမ္ဘာတစ်ဝှမ်း၌ အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံတန်ဖိုးရှိ ကျောက်မီးသွေးလောင်စာသုံးစက်ရုံများ တည်ဆောက်ရန် ကြေညာခဲ့သည် သို့မဟုတ် စီစဉ်ခဲ့သည်ဟု ဆိုသည်။

တရုတ်သည် နိုင်ငံအတွင်း၌ ၎င်း၏ဓာတ်အားပေးစက်ရုံများလည်ပတ်ရန် ကျောက်မီးသွေးပမာဏကို အများဆုံးသုံးစွဲသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာရှိ အခြားနိုင်ငံများ အားလုံးပေါင်းထက် ကျောက်မီးသွေးကို ပိုသုံးစွဲခဲ့ရာ နိုင်ငံ့စွမ်းအင်လိုအပ်ချက်၏ ၅၈ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတော်စာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သမ္မတရှီ၏ကတိကဝတ် အစစ်အမှန်ဖြစ်မည်ဆိုပါက လုပ်ဆောင်ရမည့် ရည်မှန်းချက် ၂ ခုရှိသည်။ ပြည်ပ၌ ငွေကြေးထောက်ပံ့နေသော စီမံကိန်းများကို ရပ်ဆိုင်းရမည်။ မိမိနိုင်ငံ၌လည်း အခြား စွမ်းအင်အရင်းအမြစ်ကိုလည်း ရှာဖွေရမည်ဖြစ်သည်။ ယခင်က တရုတ်သည် ၂၀၃၀ ပြည့်နှစ် မတိုင်မီ ကာဗွန်ထုတ်လွှတ်မှုအမြင့်ဆုံးဖြစ်ကာ ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန် မျှခြေတွင်ရှိရမည်ဟု ကတိပြုခဲ့သည်။ လက်ရှိစံနှုန်းများအရ ပြည်တွင်းနှင့်ပြည်ပ ကျောက်မီးသွေးအခြေခံ ကတိကဝတ်များကြောင့် ၎င်းရည်မှန်းချက်ကို မရရှိနိုင်သေးပေ။

လက်ရှိတည်ဆောက်ထားသောကျောက်မီးသွေးစက်ရုံအားလုံး၏ ၇၀ ရာခိုင်နှုန်းထက်မနည်းသည် တရုတ်ရန်ပုံငွေကို မှီခိုအားထားနေရသည်။ BRI အဖွဲ့ဝင်နိုင်ငံပေါင်း ၁၄၀ တွင် ကျောက်မီးသွေးအခြေခံ ဓာတ်အားပေးစက်ရုံများ၌ တရုတ်ရန်ပုံငွေသည် ၂၀၂၁ ခုနှစ် ပထမ ၆ လ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံနီးပါးရှိသည်။

တရုတ်သည် BRI နိုင်ငံများရှိ ပြည်သူများနှင့် ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်မှုများကိုလည်း ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly