ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနဲလ်အတွက် လာမည့်ရုံးချိန်း၌ ဘာသာပြန်ခွင့်မပြုတော့

By The Asahi Shimbun
08 October 2021
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနဲလ်အတွက် လာမည့်ရုံးချိန်း၌ ဘာသာပြန်ခွင့်မပြုတော့

အောက်တိုဘာ ၈

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးတစ်ဦးဖြစ်သူ ပါမောက္ခ ရှောင်တာနဲလ်၏ လာမည့် တရားရုံးချိန်း၌ မြန်မာ-အင်္ဂလိပ် ဘာသာပြန်ဆိုသူကို ခွင့်ပြုပေးမည်မဟုတ်ဟု နေပြည်တော်တရားရုံးတစ်ခုက အောက်တိုဘာ ၇ ရက်တွင် ဆုံးဖြတ်လိုက်သည်။

မစ္စတာ ရှောင်တာနဲလ်သည် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့များကို ဖမ်းဆီးရာတွင် ၎င်းလည်း ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းကို အများဆုံး ထောင်ဒဏ် ၁၄နှစ်ထိ ချမှတ်နိုင်သည့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်သည် ဆိုပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

တရားခွင်၌ ဘာသာပြန်ဆိုသူတစ်ဦးကို တားမြစ်သည့် အမိန့်ကို နေပြည်တော်ရှိ အထူးတရားရုံးတစ်ခု၌ အကြိုကြားနာမှုတစ်ခုတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု မစ္စတာ ရှောင်တာနဲလ်၏ ရှေ့နေ ဦးရဲလင်းအောင်က ပြောသည်။

တရားလိုဘက်က လုံခြုံရေးကို အကြောင်းပြပြီး ဘာသာပြန်ဆိုသူကို ခွင့်ပြုမပေးရန် ပန်ကြားခဲ့ပြီး တရားသူကြီးကလည်း သဘောတူခဲ့သည်ဟု ၎င်းက ပြောသည်။

“သူ (မစ္စတာ ရှောင်တာနဲလ်) အတွက် တရားခွင်မှာ စကားပြန်တစ်ယောက် မရှိရင် ကျွန်တော်တို့အတွက် ခက်ခဲပါတယ်၊ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်လို့ သြစတြေးလျသံရုံးက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားပါမယ်” ဟု ဦးရဲလင်းအောင်က ပြောသည်။

မစ္စတာ ရှောင်တာနဲလ်သည် နိုင်ငံတော်၏ လျှို့ဝှက်ဘဏ္ဍာရေးအချက်အလက်များကို ရယူကာ နိုင်ငံကနေ ထွက်‌ပြေးရန် ကြိုးစားခဲ့သည်ဟု အာဏာသိမ်းစစ်ကောင်စီဘက်က စွပ်စွဲထားသည်။

နေပြည်တော်ရှိ အကျဥ်းထောင်တစ်ခုတွင် ထိန်းသိမ်းခံထားရသည့် မစ္စတာ ရှောင်တာနဲလ်သည် ကျန်းမာရေး ကောင်းပုံရပြီး ၎င်းအတွက် အဆာပြေစားစရာ မုန့်နှင့် ဖတ်စရာများ ပို့ပေးရန် တောင်းဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းအမှုသည် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အမှုများအနက် တစ်ခုဖြစ်ပြီး ယင်းသည် သူမ နိုင်ငံရေးထဲ ပြန်မလာနိုင်စေအောင် တားဆီးရန် သူမကို ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်သည့် စစ်ကောင်စီ၏ အားထုတ်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required