အိန္ဒိယသည် စီးပွားရေးဆိုင်ရာ ထူးခြားမှတ်သားဖွယ် ပြောင်းလဲမှုကာလကို ဖြတ်သန်းနေဟု သြစတြေးလျ ပြော

အိန္ဒိယသည် စီးပွားရေးဆိုင်ရာ ထူးခြားမှတ်သားဖွယ် ပြောင်းလဲမှုကာလကို ဖြတ်သန်းနေဟု သြစတြေးလျ ပြော

အိန္ဒိယသည် ယင်း၏ စီးပွားရေးပိုင်းတွင် ထူးခြားမှတ်သားဖွယ် ပြောင်းလဲမှုကာလတစ်ခုကို ဖြတ်သန်းလျက်ရှိကြောင်း သြစတြေးလျဝန်ကြီးချုပ် စ‌ကော့ မော်ရစ်ဆင်က စက်တင်ဘာ ၃၀ ရက်တွင် ပြောခဲ့သည်။ နှစ်နိုင်ငံအကြား စွမ်းအင်သစ် စီးပွားရေးပိုင်းဆိုင်ရာ မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ပြောကြားစဥ် သြစတြေးလျဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“စီးပွားဖြစ် ဖြစ်တဲ့ အတိုင်းအတာတစ်ခုနဲ့ နည်းပညာကို အသုံးချ လုပ်ကိုင်နိုင်စွမ်းက စွမ်းအင်သစ် စီးပွားရေးဆီ အောင်အောင်မြင်မြင် ကူးပြောင်းနိုင်မှုအတွက် အဓိက သော့ချက်ပါပဲ၊ ပြီးတော့ ဒါကိုလည်း အိန္ဒိယက သဘော‌ပေါက်နားလည်ထားပြီးသားဖြစ်ပါတယ်၊ နောက်ပြီး အိန္ဒိယဟာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးမှာ မှတ်သားလောက်ဖွယ်ကောင်းတဲ့ ပြောင်းလဲမှုကာလတစ်ခုကို ဖြတ်သန်းနေသလို သူ့ရဲ့ ကိုယ်ပိုင် စွမ်းအင်စီးပွားရေးကိုလည်း အနာဂတ်ဆီ လက်တွေ့ ကူးပြောင်းဖို့ ကြည့်ရှုနေပါတယ်” ဟု မော်ရစ်ဆင်က အိန္ဒိယမီဒီယာနှင့် အွန်လိုင်း တွေ့ဆုံမှုတစ်ခုတွင် ပြောခဲ့သည်။

မကြာ‌သေးခင်က Quad အုပ်စု ခေါင်းဆောင်များ ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံသည့် ထိပ်သီးအစည်းအဝေးတွင်လည်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ နှင့် သြစတြေးလျဝန်ကြီးချုပ် စ‌ကော့ မော်ရစ်ဆင် တို့ တွေ့ဆုံခဲ့ကြပြီး ကာဘွန်ထုတ်လွှတ်မှု နည်းပါးသော နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်ရန် သဘောတူညီမှု အပါအဝင် ကိစ္စရပ် အများအပြားနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

စွမ်းအင်သစ် စီးပွားရေးဆီ သြစတြေးလျ၏ ချဥ်းကပ်မှုက လာမည့် နှစ် ၃၀ ကျော်အတွင်း ကာဘွန်ထုတ်လွှတ်မှု အသားတင်ဇီးရိုး ဖြစ်ရေးအတွက် ကူးပြောင်းခြင်း ဖြစ်သည်။

စီးပွားရေးများကို ဆက်လက် ကြီးထွား ဖွံ့ဖြိုးစေမည့်၊ အလုပ်အကိုင်များကို ဖန်တီးနိုင်စေမည့် နည်းပညာရပ်များ အသေအချာ ဖြစ်ထွန်းစေရေး မျှော်မှန်းချက်တစ်ခုနှင့်အတူ မော်ရစ်ဆင်က “စိတ်ရှည်ရှည်ထားပြီး သင့်တင့်လျောက်ပတ်၊ လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုနဲ့ ဒါကို လုပ်ရပါမယ်၊ ကျွန်‌တော့်အမြင်ကတော့ နည်းပညာတွေနဲ့ပတ်သက်လို့ အတူတကွ လုပ်ဆောင်တာက ကျွန်တော်တို့ နှစ်နိုင်ငံစလုံးကို ဒီ အကူးအပြောင်း ကာလတစ်ခုကို ဖြတ်သန်းနိုင်စွမ်း ရှိစေအောင် ကျွန်တော်တို့ လုပ်နိုင်တဲ့ အဓိက ပူးပေါင်းဆောင်ရွက်မှုတွေအနက်က တစ်ခုဖြစ်ပါတယ်၊ ဒါပေမယ့် ဒီထက် ပိုပြီး ပြသရမှာက ခင်ဗျားတို့ ဒါကို ဘယ်လိုလုပ်သလဲ ဆိုတာပဲဖြစ်ပါတယ်၊ ဒါက ရည်မှန်းချက်တွေ ချမှတ်တာနဲ့ ဒီအရာတွေကို လုပ်ဆောင်တာ သက်သက်ပဲ မဟုတ်ပါဘူး၊ ဘယ်လိုလုပ်သလဲ ဆိုတာက အရေးပါပါတယ်” ဟု ပြောခဲ့သည်။

ယင်းကဲ့သို့သော နည်းပညာက စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ဟု မှတ်ယူရမည်ဟု ၎င်းက ပြောခဲ့သည်။

ပြီးခဲ့သည့်အပတ် Quad အစည်းအဝေးတွင်လည်း စွမ်းအင်သစ် စီးပွားရေး နှင့်ပတ်သက်ပြီး ကမ္ဘာတဝန်းမှ စိတ်ပါဝင်စားမှု အများအပြား ရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

“ဒါနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ သံသယမရှိပါဘူး၊ ဒီ စွမ်းအင်သစ်စီးပွားရေးဆီ ကျွန်တော်တို့ရဲ့ စီးပွားရေးတွေကို ကူးပြောင်းဖို့ ကြိုးစားဖို့အတွက်က ကာဘွန်ထုတ်လွှတ်မှုတွေရဲ့ သက်ရောက်မှုတွေကို နားလည်တဲ့ စီးပွားရေးတစ်ခုဆီ ကူးပြောင်းဖို့ ဖြစ်ပါတယ်” ဟု မော်ရစ်ဆင်က ပြောသည်။

ဇီးရိုး-ကာဘွန် စွမ်းအင် နည်းပညာများကို ဖန်တီးရရှိနိုင်ရန် ရှိပြီး ယင်းက Quad အစည်းအဝေးအတွင်း အိန္ဒိယနှင့် သြစတြေးလျ ခေါင်းဆောင်နှစ်ဦးအကြား ဆွေးနွေးခဲ့သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly