ဆရီနဂါမြို့တွင် ကျောင်းသားများက လမ်းများပေါ်တွင် ဂရက်ဖစ်တီရေးဆွဲ အလှဆင်

ဆရီနဂါမြို့တွင် ကျောင်းသားများက လမ်းများပေါ်တွင် ဂရက်ဖစ်တီရေးဆွဲ အလှဆင်

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆရီနဂါမြို့၏ စမတ်မြို့တော် စီမံကိန်းအရ ကက်ရှ်မီးယားတက္ကသိုလ်၏ ဗိသုကာ ကျောင်းမှ ကျောင်းသားများနှင့် အစ္စလာမ္မစ်တက္ကသိုလ် ဗိသုကာဌာန(IUST) တို့ ပူးပေါင်းကာ လမ်းများပေါ်တွင် အလှဆင်သည့်အနေဖြင့် ပန်းချီရေးဆွဲမှုများကို အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့ကြသည်။

ဗိသုကာ ကျောင်းသားများ၊ အင်ဂျင်နီယာများ၊ အစီအစဉ်ရေးဆွဲသူများနှင့် အခြားထင်ရှားကျော်ကြားသူများက ရှာအီကက်ရှ်မီးယား ပန်းခြံအပြင်ဖက်တွင် ဆရီနဂါ စမတ်မြို့တော် လီမိတက်၏ စီစဉ်မှုဖြင့် ပန်းချီရေးဆွဲမှုများကို ပြုလု်ပခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံအနှံ့ လမ်းများ ဒီဇိုင်းဖော်ခြင်းကို အိန္ဒိယနိုင်ငံ တိုးတက်မှု ၇၅ နှစ်ပြည့်အထိမ်းအမှတ်နှင့် ပြည်သူတို့၏ ကြီးကျယ်မြင့်မြတ်သော သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် အောင်မြင်မှုများအပေါ် ဂုဏ်ပြုရန် ဗဟိုအစိုးရက ဆောင်ရွက်သော Azaadi Ka Amrit Mahotsav (AKAM) အစီအစဉ်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

အိုးအိမ်နှင့် မြို့ပြရေးရာ ဝန်ကြီးဌာန အောက်ရှိ ဆရီနဂါ စမတ်မြို့တော် လီမိတက်သည် AKAM ၏ ကဏ္ဍတစ်ခုအဖြစ် ဆရီနဂါမြို့တော်တွင် အခမ်းအနားများစွာကို စီစဉ် ကျင်းပခဲ့သည်။

AKAM သည် အိန္ဒိယ၏ လက်ရှိနေရာအထိ ရောက်ရှိအောင် လျှောက်လှမ်းခဲ့သည့် ခရီးတွင် အဓိကကျသူများ အတွက်သာမက Atmanirbhar Bharat စိတ်ဓာတ်ဖြင့် အိန္ဒိယနိုင်ငံသစ်ဖြစ်ထွန်းစေရန် စွမ်းအင်နှင့် အရည်အချင်းများကို ပိုင်ဆိုင်ထားသူများအတွက် ရည်ရွယ်ဂုဏ်ပြု ကျင်းပခြင်း ဖြစ်သည်။

ရှာအီကက်ရှ်မီးယား ပန်းခြံအပြင်ဖက်တွင် ပုံရေးဆွဲ အလှဆင်ခြင်းသည် ယင်းနေရာကို အသွင်ပြောင်းသွားစေသလို ဆရီနဂါစမတ်မြို့တော် အလှဆင်ခြင်း အစီအစဉ်အတွက်လည်း အထောက်အပံ့ဖြစ်စေသည်။

ပန်းချီကို ပြခန်းများအတွင်း၌သာ ရေးဆွဲခြင်းထက် အများပြည်သူ သွားလာသည့်နေရာများတွင်လည်း ထားရှိနိုင်ကြောင်း ကျောင်းသားများက ပြသခဲ့သည်။ ပန်းချီသည် အလှဆင်ခြင်းနှင့် မြို့ပြကိစ္စ ပြဿနာများကို ဖြေရှင်းနိုင်ကြောင်းလည်း ၎င်းတို့က မီးမောင်းထိုးပြခဲ့သည်။

ယခုအလှဆင်ရေးဆွဲရာတွင် ကျောင်းသားများက ဂရပ်ဖက်အမျိုးမျိုးကို အသုံးပြုကာ ဂျလန်းမြစ်သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းတွင် ရေးဆွဲခဲ့သည်။

ယခုအစီအစဉ်နှင့် ပတ်သက်၍ ဗိသုကာ ကျောင်းသားတစ်ဦးဖြစ်သူ ဆာဟစ်က “စမတ်မြို့တော် စီမံကိန်းအရ စိတ်ကူးယဉ်ပန်းချီကို ဖန်တီးခဲ့ပါတယ်။ စစ်တုရင်ဗန်း၊ မြွေနဲ့ လှေကားပုံတွေ ရေးဆွဲခဲ့တယ်။ ခရီးသွားလုပ်ငန်းကို တိုးတက်စေနိုင်သလို ပန်းချီ ရေးဆွဲမှုနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အတွေ့အကြုံရပါတယ်” ဟု ပြောကြားသည်။

ဆာမင်းဆိုသူ ကျောင်းသူတစ်ဦးကလည်း ၎င်းတို့သည် အများပြည်သူ သွားလာသည့်နေရာကို လှပလာစေရန်သာမကဘဲ ပြည်သူများ ပါဝင်လာရေးအတွက် နှိုးဆော်ခြင်းလည်း ဖြစ်ကြောင်း ပြောကြားသည်။ “အများပြည်သူ သွားလာတဲ့နေရာတွေမှာ ပြည်သူတွေက သန့်ရှင်းအောင်၊ အလှဆင်အောင်နဲ့ လှပလာအောင် လုပ်ရာမှာ စိတ်ဝင်စားမှုရှိလာဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။

“ကက်ရှ်မီးယားမှာ အများပြည်သူပိုင် နေရာအလွန်ရှားပါတယ်။ ဒါကြောင့် ပန်းခြံအပြင်ဖက်မှာ အခုလို အလှဆင်ရတာပါ။ ဒါက ပြည်သူလုပ်တဲ့၊ ပြည်သူတွေအတွက် လုပ်ဆောင်ချက်ပါ” ဟုလည်း သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly