ပြည်တော် မပြန်နိုင်တော့သည့် တရုတ်၏အကြီးမားဆုံး ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်း

ပြည်တော် မပြန်နိုင်တော့သည့် တရုတ်၏အကြီးမားဆုံး ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်း

တရုတ်က ဒစ်ဂျစ်တယ် ငွေကြေး (Cryptocurrency ) ရောင်းဝယ်မှုကို ဆန့်ကျင်သော ရာဇသံမထုတ်ပြန်မီ နာရီပိုင်းအလို၌ ၎င်းနယ်ပယ်တွင် နောက်ဆုံးကျန်ရှိသောကုမ္ပဏီကြီးက ယင်းလုပ်ငန်းမှ နုတ်ထွက်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။

Cryptocurrency လဲလှယ်ရေးကုမ္ပဏီ Huobi အား တည်ထောင်သူနှင့် ကျောထောက်နောက်ခံပြုသူများသည် အစိုးရက စိစစ်မှုများနှစ်ပေါင်းများစွာ လုပ်ဆောင်လာပြီးနောက် တရုတ်နိုင်ငံ၏အကြီးဆုံး Cryptocurrency လဲလှယ်မှုအနေဖြင့် ၎င်းတို့ ပြည်တွင်းဈေးကွက်မှ ထွက်သင့်ပြီဟုစက်တင်ဘာ ၂၄ ရက်ကပြုလုပ်သည့် ရှယ်ယာရှင်များအစည်းအဝေးတွင် တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြသည်။

ထိုရက်နောက်ပိုင်းတွင် တရုတ်စည်းကမ်းကြပ်မတ်ရေးအဖွဲ့ကနိုင်ငံတွင်း၌ Cryptocurrency လုပ်ငန်းများနှင့် ဝန်ဆောင်မှုများအားလုံးကိုတားမြစ်ကြောင်း‌ ကြေညာခဲ့သည်။ Huobiသည် တရုတ်ပြည်မကြီး၌ သုံးစွဲသူအသစ်များအတွက် အကောင့်မှတ်ပုံတင်ခြင်းကိုချက်ချင်းပင်ရပ်ဆိုင်းခဲ့ပြီး နှစ်အကုန်၌ လက်ရှိတရုတ်နိုင်ငံသားသုံးစွဲသူများကိုလည်းဖယ်ရှားပစ်မည်ဟု ၂ ရက်အကြာ၌ ကြေညာခဲ့သည်။

“အရင်က တရုတ်မှာတရားဝင် လည်ပတ်နိုင်တဲ့နည်းလမ်းတွေရှိလားဆိုတာကြည့်ဖို့ စည်းကမ်းကြပ်မတ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြောဆိုခဲ့သေးတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ဆွေးနွေးစရာမရှိတော့ပါဘူး။ အခု ကျွန်တော်တို့ရဲ့ မဟာဗျူဟာကတစ်ကမ္ဘာလုံးကိုခြေဆန့်ဖို့ပါပဲ” ဟုပူးတွဲတည်ထောင်သူ ဒူက Bloomberg နှင့်အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

မူလစတင်ခဲ့သည့် နိုင်ငံမှ ဖယ်ရှားခံလိုက်ရသည့် တရုတ်၌တည်ထောင်သော Crypto အသုံးပြုလုပ်ငန်းများ အနက် တစ်ခုဖြစ်သောHuobiသည် ပြိုင်ဘက်များမနာလိုဖြစ်လောက်အောင် အစိုးရနှင့် နှစ်ပေါင်းများစွာ ရှားရှားပါးပါး နွေးထွေးသောဆက်ဆံရေးတည်ဆောက်နိုင်ခဲ့သည်။

သို့သော် ကုမ္ပဏီကြီးသည် ယခုနှစ်မှစ၍ တရုတ်မပါသော အခြေအနေ အတွက် ပြင်ဆင်နေပြီဟု ဒူ က ပြောသည်။ Sequoia China နှင့် ZhenFundစသောရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများသည် နောက်နှစ် ဇွန်လတွင် တရုတ်အသုံးပြုသူအကောင့်များအားလုံးကိုပိတ်ရန် မူလအစီအစဉ်ကို လက်ခံခဲ့ ကြပြီး အံ့ဩစရာကောင်းသော ထုတ်ပြန်ချက်က ထိုသို့ ဖြစ်စေခဲ့သည်ဟု ၎င်း ကဆိုသည်။

ဒူ က “ကျွန်တော်တို့ကအစိုးရမူဝါဒကိုတက်တက်ကြွကြွနဲ့ လိုက်နာကြတာကြောင့် ဒီကိစ္စကို ဒီနှစ်မှာပဲဖြေရှင်းချင်ပါတယ်။ တိုးတက်မှုဖြစ်စဉ်တွေကိုလည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အချိန်နဲ့တပြေးညီအသိပေးသွားမှာပါ” ဟုထပ်လောင်းပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်များသို့မဟုတ် လများစွာကတရုတ်နိုင်ငံပြင်ပသို့ လုပ်ငန်းပြောင်းရွှေ့သွားကြသော Cryptocurrency လဲလှယ်ရေး ကုမ္ပဏီ Binance မှစ၍ Crypto ဆိုင်ရာနည်းပညာကုမ္ပဏီ Bitmain အထိ နယ်ပယ်တူလုပ်ငန်းများအတိုင်းHuobi က ယခုအခါ ကျန်ကမ္ဘာ့နေရာများသို့ ဖြန့်ကြက်နိုင်ရေး အာရုံစိုက်နေသည်။

မကြာသေးမီလများကHuobiသည် ယခုနှစ်၌ ကမ္ဘာအဝှမ်းဝန်ထမ်းဦးရေ ၃ ၀၀၀ ရည်ရွယ်လျက် တူရကီနှင့် ဘရာဇီးကဲ့သို့သောနေရာများ၌ ဝန်ထမ်းများကိုခန့်အပ်လျက်ရှိသည်။ Huobiသည် တရုတ်ပြီးလျှင် အရှေ့တောင်အာရှ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့တွင် အကြီးမားဆုံးဈေးကွက်များရှိပြီးတစ်ကမ္ဘာလုံးတွင် သုံးစွဲသူ ၁၀ သန်းကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly