တရုတ်၏ ခါးပတ်လမ်းစီမံကိန်းက နိုင်ငံများစွာအတွက် မမြင်နိုင်သော ကြွေးမြီများဖြင့် ဝန်ပိစေခဲ့

တရုတ်၏ ခါးပတ်လမ်းစီမံကိန်းက နိုင်ငံများစွာအတွက် မမြင်နိုင်သော ကြွေးမြီများဖြင့် ဝန်ပိစေခဲ့

တရုတ်၏ခါးပတ်လမ်းစီမံကိန်း (BRI) သည် ဝင်ငွေနည်းပါးသောနှင့် အလယ်အလတ်ရှိသောနိုင်ငံများ (LMIC) အတွက် မမြင်နိုင်သောကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၅ ဘီလီယံ တင်စေခြင်းဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်ဟု သုတေသနအသစ်တစ်ခုတွင် ဖော်ပြထားသည်။

ဗာဂျီးနီးယားရှိ ဝီလျံနှင့်မေရီကောလိပ်အခြေစိုက် နိုင်ငံတကာဖွံ့ဖြိုးရေးသုတေသနအဖွဲ့ AidData ကထုတ်ပြန်သော အစီရင်ခံစာတစ်ခု၌ တရုတ်သည် နိုင်ငံတကာဖွံ့ဖြိုးမှုတွင် အင်အားကြီးသော အနေအထားတည်ဆောက်ရန် အကူအညီထက် ကြွေးမြီကို အသုံးပြုသည်ဟု ရေးသားထားသည်။

အစီရင်ခံစာသည် နိုင်ငံပေါင်း ၁၆၅ ၌ အမေရိကန်ဒေါ်လာ ၈၄၃ ဘီလီယံတန်ဖိုးထက်မနည်းသော အကူအညီနှင့်ကြွေးမြီထောက်ပံ့သည့်စီမံကိန်းပေါင်း ၁၃၀၀၀ ကျော်ကို လေ့လာဆန်းစစ်ခဲ့သည်။ AidData ၏တွေ့ရှိချက်များအရ LMIC နိုင်ငံပေါင်း ၄၀ ကျော်သည် ယခုအခါ တရုတ်ကိုကြွေးမြီတင်သည့် အဆင့်မှာ ၎င်းတို့ စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၁၀ ရာခိုင်နှုန်းကျော်ပမာဏရှိသည်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ သို့မဟုတ် ယင်းထက်ပိုသော ကြွေးမြီထောက်ပံ့သည့် စီမံကိန်းကြီးများ အရေအတွက်သည် BRI တည်ထောင်သည့် ပထမ ၅ နှစ်ကာလအတွင်းတွင် နှစ်စဉ် ၃ ဆ တိုးခဲ့သည်။ များပြားလာသော ချေးငွေများနှင့်တိုးချဲ့လာသောချေးငွေအစုများရှိသော်လည်း BRI စီမံကိန်းသည် ပြည်ပဖွံ့ဖြိုးမှုငွေကြေးအစီအစဉ်၏ ကဏ္ဍဆိုင်ရာ သို့မဟုတ် ပထဝီအနေအထားဆိုင်ရာတို့တွင် ကြီးမားသော ပြောင်းလဲမှု မဖြစ်ခဲ့ဟု အစီရင်ခံစာက ဆိုသည်။

အစီရင်ခံစာအရ BRI အခြေခံအဆောက်အအုံစီမံကိန်းအစု၏ ၃၅ ရာခိုင်နှုန်းသည် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ပတ်ဝန်းကျင်အန္တရာယ်များနှင့် လူထုဆန္ဒပြပွဲများ ကဲ့သို့သော ပြဿနာများနှင့် ကြုံတွေ့ရသည်။ နှိုင်းယှဉ်မှုအရ BRI ပြင်ပ၌ တရုတ်အစိုးရအခြေခံအဆောက်အအုံစီမံကိန်း လုပ်ငန်းများ၏ ၂၁ ရာခိုင်နှုန်းသည် အကောင်အထည် ဖော်မှုပြဿနာများ ကြုံတွေ့ရသည်။

စီမံကိန်းစတင်အကောင်အထည်ဖော်သည့် ၂၀၁၃ မှစ၍ လွယ်ကူသောချေးငွေသတ်မှတ်ချက်ဘောင်များ ကြောင့် BRI ကို ကမ္ဘာ့အနှံ့၌ ကောင်းစွာလက်ခံခဲ့ကြသော်လည်း ဤလိုက်လျောချက်များကြောင့် BRI စီမံကိန်းလက်ခံသည့် နိုင်ငံများတွင် အခြေခံအဆောက်အုံနှင့် စစ်အခြေစိုက်စခန်းများတည်ဆောက်ခြင်းတို့ကို ခွင့်ပြုပေးလျက် တရုတ်အတွက် စီးပွားရေးနှင့် စစ်ရေးချဲ့ထွင်မှုကို လွယ်ကူချောမွေ့စေခဲ့သည်ဟု The Times of Israel ကဖော်ပြခဲ့သည်။

အမှန်အားဖြင့် ဤအစိုးရချေးငွေအများအပြားကို ဖွံ့ဖြိုးဆဲနိုင်ငံများအား ပါဝင်ပတ်သက်စေပြီး လျှို့ဝှက်စွာ ဆွေးနွေးခဲ့ကြသည်။ ချေးငွေအချို့သည် နိုင်ငံ၏ အရင်းအမြစ်များကို အာမခံပစ္စည်းအဖြစ် အသုံးပြုကြသည်။ ဤကြွေးမြီထောင်ချောက် ပရိယာယ်၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ကျိုးကြောင်းဆီလျော်မှု

မရှိသောချေးငွေများကြောင့် စီမံကိန်းများကို လူအများက မနှစ်သက်ကြတော့ဘဲ BRI အပေါ် ဝေဖန်မှုများ ပြုလုပ်လာကြသည်။

သီရိလင်္ကာနှင့်မလေးရှားကဲ့သို့သောနိုင်ငံများတွင် ထိန်းသိမ်းမထားနိုင်သော ချေးငွေများနှင့် ကြွေးမြီ ထောင်ချောက်ဖြစ်ရပ်များအပါအဝင် တရုတ်၏စစ်လက်နက်များတပ်ဆင်ရန် အချုပ်အခြာအာဏာပိုင်မြေကို အသုံးပြုခြင်းတို့ကြောင့်BRI သည် စိုးရိမ်စရာအကြောင်းတရားတစ်ခုဖြစ်စေသည်။

အမေရိကန်အစိုးရနှင့် ၎င်းမဟာမိတ်များသည် G7 အဖွဲ့၏ ၂၀၂၁ ခုနှစ် ဇွန်က ကြေညာခဲ့သော ပိုမိုကောင်းမွန်သည့် ကမ္ဘာကြီးပြန်လည်ထူထောင်ရေး (B3W) အစီအစဉ်အောက်၌ BRI နှင့်အပြိုင် အခြားရွေးချယ်စရာအစီအစဉ်တစ်ခု လုပ်ဆောင်ရန်ကြိုးပမ်းနေသည့်အချိန်တွင် BRI နှင့် ပတ်သက်သည့် နောက်ဆုံးအစီရင်ခံစာ ပေါ်ထွက်လာခြင်းဖြစ်သည်။

BRI နှင့်ယှဉ်ပြိုင်ရန် ဥရောပသမဂ္ဂကလည်း မကြာသေးမီက အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအစီအစဉ်သစ် Global Gateway ကို စတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly