တရုတ်က ရန်စသည့်အပြုအမူအဖြစ် တပ်အင်အားပြည့် တပ်ဖြန့်ထားပြီး လက်ရှိအနေအထားကို တဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း အိန္ဒိယ ပြောကြား

By Times Now News
07 October 2021
တရုတ်က ရန်စသည့်အပြုအမူအဖြစ် တပ်အင်အားပြည့် တပ်ဖြန့်ထားပြီး လက်ရှိအနေအထားကို တဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း အိန္ဒိယ ပြောကြား

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းလာဒတ်ချ်ဒေသရှိ နယ်နမိတ် ထိန်းချုပ်မျဉ်း(LAC)တစ်လျှောက်တွင် တရုတ်က ရန်စသည့်အပြုအမူအဖြစ် တပ်များအင်အားဖြည့်တင်းထားပြီ လက်ရှိအနေအထားကို တဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းမှုများကြောင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေသည်ဟု အိန္ဒိယက စက်တင်ဘာ ၃၀ရက်က ပြောကြားခဲ့သည်။

နယ်နမိတ်ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် အိန္္ဒိယအစိုးရက နယ်မြေတိုးချဲ့သည့် မူဝါဒကို ဆောင်ရွက်နေသည်ဟု တရုတ်က စွပ်စွဲချက်ကို အိန္ဒိယက ငြင်းဆိုထားသည်။

ယင်းလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့များကို လည်း သင့်တော်သော တန်ပြန်တပ်ဖြန့်မှုများပြုလုပ်ခဲ့သည်ဟု ပြည်ပရေးရားဝန်ကြီးဌာန(MEA )၏ ပြောရေးဆိုခွင့်ရှိသူ အေရင်ဒမ် ဘတ်ချီက ပြောကြားခဲ့သည်။

အိန္ဒိယသည်“ရှေ့သို့တိုးမည့်မူဝါဒ” ကို ကျင့်သုံးပြီး တရုတ်-အိန္ဒိယနယ်စပ်အခြေအနေတင်းမာမှု၏ မူလ ဇစ်မြစ်ဖြစ်သော LAC ကို တရားမဝင်ဖြတ်ကျော်ကာ တရုတ်ပိုင်နယ်မြေကို ကျူးကျော် သိမ်းပိုက်ရန်ကြိုးပမ်းခဲ့ သည်ဟူသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချန်ရင်း၏ ပြောဆိုချက်များကို ဘတ်ချီက တုံ့ပြန်သည့်အနေဖြင့် မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၉ ရက် နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ဟွာက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တရုတ်တပ်တွေကသာ အင်အားအပြည့်နဲ့ တပ်စွဲထားခဲ့တာပါ၊ သူတို့ရဲ့ ရန်စတဲ့အပြုအမူတွေ၊ နှစ်နိုင်ငံသဘောတူညီချက်တွေကို ဆန့်ကျင်ပြီး လက်ရှိအနေအထားကို တဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းချက်တွေကြောင့် အရှေ့ပိုင်းလာဒတ်ချ်ဒေသရှိ နယ်နမိတ် ထိန်းချုပ်မျဉ်း(LAC)တစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု တရုတ်ဘက်မှ ကြေညာချက်အားပယ်ချခဲ့ပြီး ဘတ်ချီက ပြောကြားခဲ့သည်။

" တရုတ်အစိုးရက နယ်စပ်ဒေသတွေမှာ တပ်အများအပြားကို ဆက်လက်တပ်ဖြန့်ထားပြီး ကျယ်ပြန့်သော ဒေသတစ်လျှောက် လက်နက်တွေ ဖြန့်ကျက်ထားခြင်းကြောင့် အိန္ဒိယရဲ့ လုံခြုံရေးအကျိုးစီးပွားကို အပြည့်အဝကာကွယ်ဖို့အတွက် တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေလဲ သင့်တော်တဲ့ တန်ပြန်တပ်ဖြန့်မှုတွေ ပြုလုပ်ထားပါတယ်" ဟု သူက ထပ်မံ ပြောဆိုသည်။

အိန္ဒိယနှင့် တရုတ်တို့သည် စစ်ရေးအရ လိပ်ခဲတည်းလည်းဖြစ်နေသည်မှာ ၁ နှစ်နီးပါးရှိပြီဖြစ်ပြီး စစ်ရေးနှင့် နိုင်ငံရေးအဆင့် ၂ ခုစလုံးတွင် စက်တင်ဘာလက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သော်လည်း အငြင်းပွားဖွယ် အများဆုံးဖြစ်သည့် ပန်ဂုံရေကန်ဧရိယာနှင့်ပတ်သက်ပြီး သဘောတူညီချက်မရခဲ့ပေ။

အရှေ့ပိုင်းလာဒတ်ချ်ဒေသရှိ အိန္ဒိယ-တရုတ်နယ်စပ်ဒေသတွင် တင်းမာမှုများသည် ဆက်လက်ရှိနေပြီး ၂၀၂၀ပြည့်နှစ်က ဖြစ်ပွားခဲ့သည့် ဂယ်လ်ဝမ်တိုက်ပွဲအတွင်း အိန္ဒိယစစ်သား ၂၀ ကျဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly