စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ပေါ်တွင် သေဆုံးသူရှိ ၊ အများအပြားထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ပေါ်တွင် သေဆုံးသူရှိ ၊ အများအပြားထိခိုက်ဒဏ်ရာရ

အောက်တိုဘာ ၇

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ပေါ်တွင် ဒေသခံတစ်ဦးသေဆုံးကာ အသက်မပြည့်သေးသူ လူငယ် နှစ်ဦးအပါအဝင် ခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆေးရုံသို့ကူညီသယ်ဆောင်ပို့ဆောင်ပေးခဲ့သည့် ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညပိုင်းတွင် ဒီးမော့ဆိုမြို့ဘက်မှ လွိုင်ကော်မြို့ရှိ ရေနီကန်ရွာ၊ ဧကငါးရာ ရွာနှင့် နမ့်ဘော်ဝမ်(ခ) ရွာများဘက်သို့ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်ဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

"ထိခိုက်ဒဏ်ရာရတဲ့ ပထမဦးရေက ရှစ်ဦးပါ။ ဆေးရုံမှာပါ ။ တစ်ယောက်က သေဆုံးသွားတယ်၊ နမ့်ဘော်၀မ်ကအသက် ၅၀ အရွယ်အမျိုးသားပါ။ ထိခိုက်မှုအထဲ ရှစ်နှစ်နဲ့ကိုးနှစ်အရွယ်ကလေး နှစ်ယောက်လည်းပါတယ် ။ အဲဒါကြောင့် သေသူတစ်ဦး၊ဒဏ်ရာရသူ ခုနှစ်ဦးပါ"ဟု အဆိုပါအသင်း၏ တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့သည့် နမ့်ဘော်ဝမ်ရွာတွင် ၃၂ နှစ်အရွယ် အမျိူးသမီးတစ်ဦး မှာ လက်နက်ကြီး‌ကျည် ဘယ်ဘက်ခါးထိခဲ့၍ အသက် ရှစ်နှစ်အရွယ် ယောကျ်ားလေး တစ်ဦးမှာ ကျောကုန်းထိခဲ့ကာ အသက် ကိုးနှစ်အရွယ် မိန်းကလေးငယ်မှာ ဂုတ်ကို လက်နက်ကြီးယမ်းစထိမှန်ခဲ့ကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းမှ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့ရှိ ရေနီကန်ရွာမှ အသက် ၂၅ နှစ်အရွယ် အမျိူးသားတစ်ဦးမှာ ဘယ်ပေါင်ရင်း၌ လက်နက်ကြီး ယမ်းစထိမှန်၍ ၂၄ နှစ်အရွယ် အမျိူးသမီးတစ်ဦးမှာ ဘယ်ဘက် လက်ဖျံတွင် လက်နက်ကြီးအစထိမှန်ခဲ့သည်။ ဧကငါးရာ ရွာတွင်လည်း ၃၅ နှစ်အရွယ် အမျိူးသားတစ်ဦးမှာ ညာဖက် နံကြား လက်နက်ကြီးကျည်ထိမှန်၍ ၂၃ နှစ်အရွယ် အမျိူးသမီးတစ်ဦးမှာ ဘယ်ပေါင်၊ ညာလက်၊ ဘယ်လက် တို့တွင် လက်နက်ကြီးယမ်းစ ထိမှန်ခဲ့သည်။

ဒေသခံများထိခိုက်မှုအပြင် နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ကြားရှိ ရွာများတွင်တိုက်ပွဲများဖြစ်နေခြင်းကြောင့် အဆိုပါမြို့နယ်နှစ်ခုကြားရှိ ရွာများတွင်နေထိုင်ကြသော ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ-Lkw Lkw (ရွှေလွိုင်ကော်ပရဟိတအသင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly