မြောက်ဥက္ကလာတွင် ဆိုင်ကယ်အဖမ်းကြမ်း ၊ တိုင်းကနေတိုက်ရိုက်ဆင်းဖမ်း ဟုဆို

မြောက်ဥက္ကလာတွင် ဆိုင်ကယ်အဖမ်းကြမ်း ၊ တိုင်းကနေတိုက်ရိုက်ဆင်းဖမ်း ဟုဆို

အောက်တိုဘာ- ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ယနေ့နံနက် ၈နာရီဝန်းကျင်မှစတင်၍ ဆိုင်ကယ်၊ ဘေးတွဲသုံးဘီးများကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့ပေါင်းစုံက လိုက်လံဖမ်းဆီးမှုများပြုလုပ်နေသည်။

မြောက်ဥက္ကလာအဝိုင်းကြီး၊ကန်သာယာလမ်းဆုံ၊ခြောက်ကွေ့တို့တွင် စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ စည်ပင်နှင့် အရံမီးသတ်များပါဝင်သောအဖွဲ့ပေါင်းစုံက စစ်ဆေးဖမ်းစီးနေကာ တိုင်းဒေသကြီးက တိုက်ရိုက် ဆင်းဖမ်းနေတာဟုလည်း သိရသည်။

''ကျွန်တော်က မြောက်ဥက္ကလာအဝိုင်းကြီးစက်မှုဇုံထဲမှာ လူသွားပို့တာ အဝိုင်း ကြီးမှာ ဖမ်းတယ်လည်းဆိုရော ခရီးသည်ချပြီးမောင်းပြေးတော့ ကျောက်ရေ တွင်း တံတားအောက်မှာမိသွားတယ်။ အုံနာကလည်း ညှိကြည့်ပါဆိုတော့ လိုက်တောင်းပန်းပြီးညှိတာမရဘူးဗျ။ တိုင်းကနေဆင်းဖမ်းခိုင်းတာဆိုပြီး ဖမ်းနေတာ လို့ပြောတယ်။ အခုဆိုင်ကယ်က လေးသိန်းခွဲလောက်တန်တယ်။ မစားရပဲလျှော်ပေးရတော့မယ်''ဟု ဘေးတွဲဆိုင်ကယ်မောင်း သမားတစ်ဦးက ပြောသည်။

စားဝတ်နေရေးအတွက် ဆိုင်ကယ်ကယ်ရီနှင့်ဘေးတွဲဆိုင်ကယ်များကို တစ်နေ့လျှင်အုံနာခ ၂၀၀၀ကျပ်နှင့်စံပေါ်ငွေတစ်သိန်းတင်ပြီးမှ ဆိုင်ကယ်ကယ်ရီဆွဲစား နေရသူရပ်ကွက်အတွင်း အများအပြားရှိနေသည်။

ယခင်က ဆိုင်ကယ်များဖမ်းစီးမိပါက ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ပြီး ကျပ်တစ်သိန်းခွဲ၊နှစ်သိန်းခွဲ ၊သုံးသိန်းအထိပေးပြီးဆိုင်ကယ်များပြန်ရွေး ယူခဲ့ကြရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်နေ့ညပိုင်းကလည်း မြောက်ဥက္ကလာပ မြို့နယ်၊ ဓမ္မာရုံမှတ်တိုင် အနီးပတ်ဝန်းကျင်ရပ်ကွက်များအတွင်း သေနတ်ပစ်ခတ်ပြီးဆိုင်ကယ်များ ကို လိုက်လံဖမ်းစီးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly