ချင်းပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းတင်ဒါခေါ်ယူနေသော်လည်း လျှောက် သူနည်းနိုင်

ချင်းပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းတင်ဒါခေါ်ယူနေသော်လည်း လျှောက် သူနည်းနိုင်

ဟားခါး ၊ အောက်တိုဘာ -၇

ချင်းပြည်နယ်အစိုးရအဖွဲ့က ခြောက်လလုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်၍ တင်ဒါခေါ်ယူမှုလုပ်နေသော်လည်း လျှောက်သူအလွန်နည်းလိမ့်မည်ဟု လုပ်ငန်း ရှင်များက သုံးသပ်ထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ လ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွင်း ပြည်ထောင်စုနှင့် ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား တင်ဒါခေါ်ယူခြင်းလုပ်ငန်းများအား တစ်လအတွင်းဆောင် ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားထားသည်ဟု သိရသည်။

တင်ဒါကြော်ငြာရာတွင် သတ်မှတ်သည့်နည်းလမ်းများအတိုင်း သတင်းစာများ တွင် ထည့်သွင်းကြော်ငြာရန်နှင့် ဌာန အဖွဲ့အစည်းအလိုက် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း များအား အစိုးရအဖွဲ့သို့တင်ပြရန်လည်း ညွှန်ကြား ချက်တွင် ပါရှိသည်။

လုပ်ငန်းရှင်တစ်ဦးက ခေါ်ယူနေသော တင်ဒါနှင့်ပတ်သက်၍ '' အခုခေါ်နေတဲ့ တင်ဒါအမျိုးအစားက mini-budget ဖြစ်မယ်။ အရင် NLD အစိုးရလုပ်ငန်း တွေက စက်တင်ဘာလ ကုန်ဆိုရင်အားလုံးပြီးသွားပြီ၊ ပြီးတော့အရင်အစိုးရက ဘတ်ဂျက်နှစ်ကုန်တာကို ဧပြီလသတ်မှတ်ထားတာကို အခု စကစတွေက ပြန်ပြောင်းပြီးသတ်မှတ်လိုက်တော့ ခြောက်လလောက်ကဟ သွားတဲ့သဘော ရှိတယ်။ဒါကို ပြန်ဖြည့်တဲ့အနေနဲ့ ခြောက်လလုပ်ငန်းတွေခေါ်တာနေမယ်''ဟု ရှင်းပြသည်။

သို့သော် တင်ဒါလျှောက်ထားမှုအလားအလာနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ တွင် အခက်အခဲရှိသည်ဟု သူက ပြောသည်။

" လုပ်ငန်းရှင်တွေအနေနဲ့အများကြီးအခက်အခဲရှိတယ်။ CDF တွေကလည်း လုပ်ငန်းလုပ်မယ့်သူတွေကို သတိပေးစာတွေထုတ်နေတာရှိတယ်။တစ်ခါ လက်ရှိမြေပြင်မှာလည်း ကုန်ဈေးနှုန်းတွေကအဆမတန်ကြီးနေတော့ လုပ်ငန်းရှင်တွေကလည်းကိုက်မှာမဟုတ်ဘူး။ ဒီတော့ဘယ်သူမှ မလျှောက်ကြဘဲ အလုပ်တွေနှောင့်နှေးကုန်မှာပဲ''ဟု သူက ပြောသည်။

CDF-ဟားခါးအဖွဲ့က စစ်ကောင်စီမှချပေးသည့်တင်ဒါများနှင့်ပတ်သက်ပြီး စက်တင်ဘာလ ကုန်အထိသာ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီးလိုက်နာခြင်းမရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ၂၀၂၁ အောက်တိုဘာလ ၁ရက်မှ စ၍ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထား သည်။

ချင်းပြည်နယ်သည် ပြီးခဲ့သည့်အစိုးရသက်တမ်းတစ်လျှောက် ပြည်နယ် ဘတ်ဂျက်နှင့်ပြည်ထောင်စုဘတ်ဂျက်မှ လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သော် လည်း တင်ဒါနှင့်ပတ်သက်ပြီး အကျင့်ပျက်ခြစားမှုများသည်ဟု နာမည်ဆိုး ထွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly