ရွေဘို ထွေအုပ်ရုံးနှင့် ကညန ရုံးတို့က ပေါက်ကွဲမှု၎င်းတို့လက်ချက်ဖြစ်ကြောင်း ရွှေဘို PDF ထုတ်ပြန်

ရွေဘို ထွေအုပ်ရုံးနှင့် ကညန ရုံးတို့က ပေါက်ကွဲမှု၎င်းတို့လက်ချက်ဖြစ်ကြောင်း ရွှေဘို PDF ထုတ်ပြန်

အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးနှင့် မြို့နယ်အထွေ‌ထွအုပ်ချုပ်‌ရေး မှူးရုံးတွင် ဖြစ်ပွားခဲ့သည့် ယနေ့နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်စဉ်သည် ၄င်းတို့လက်ချက်ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့((People Defense Force-Shwebo)က ယနေ့ စက်တင်ဘာလ ၆ရက်တွင် သတင်းထုတ်ပြန်သည်။

Non CDM ၀န်ထမ်းများအား နောက်ဆုံးသတိပေးသည့်အနေနှင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်နောင်ပိုမိုပြင်းထန်စွာအရေးယူသွားရန်ရှိကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

ရွှေဘိုမြို့က ကညနရုံးနှင့် ထွေ/အုပ်ရုံးတို့တွင် ယနေ့နေ့လယ်ပိုင်းက ပေါက်ကွဲမှု တစ်ကြိမ်စီဖြစ်ခဲ့ရာ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ၄င်းတို့လက်ချက်ဖြစ်ကြောင်း ပေါက်ကွဲမှုဖြစ်စဉ်အပြီးချက်ချင်း သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် Non CDM (ပြည်သူ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် မပါ၀င်သည့်) ၀န်ထမ်းများ အပါအ၀င်၊ ရွှေဘိုနယ်သူနယ်သားများအားလုံး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အရေးပေါ်အခြေအနေကြေညာချက်ကိုလိုက်နာကြရန်နှင့် ရုံးမသွားကြရန်နောက်ဆုံးအကြိမ်သတိပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း Non CDM နှင့် စစ်ကျွန်ဖြစ်လိုသူများက လိုက်နာခြင်းမရှိဘဲ ရုံးသွားခြင်း၊ ကညနရုံးတွင် အခွန်ဆောင်ခြင်း၊ မီတာကြေး ဆောင်ခြင်းများပြုလုပ်နေသည်ကို တွေ့ရသဖြင့် ယနေ့ထပ်မံသတိပေးသည့်အနေဖြင့် အဆိုပါရုံးနှစ်ရုံးကိုဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းပါရှိသည်။

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် နေ့လယ် ၁ နာရီခန့်က ရွှေဘိုထွေ/အုပ်ရုံးကိုလည်းကောင်း၊ နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်က ရွှေဘိုကညနရုံးကို လည်းကောင်း ဗုံးဖောက်ခွဲမှုတစ်ကြိမ်စီပြုလုပ်ခဲ့ပြီး ပြည်သူကိုသတ်ရန် စစ်ကောင်စီအတွက်ကျည်ဆန်ဖိုးနှင့် အခွန်အခကောက်ခံပေးနေသည့်စစ်ကောင်စီခန့်၀န်ထမ်း များကို နောင်အခါပိုမိုပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီပိုင် Mytel ရုံးကိုဗုံးခွဲခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့ကလည်း Mytel Tower တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required