CPEC အောက်တွင် တရုတ်က ပါကစ္စတန်ကို အတိုးနှုန်းများသည့် ချေးငွေများ ချပေးထား

CPEC အောက်တွင် တရုတ်က ပါကစ္စတန်ကို အတိုးနှုန်းများသည့် ချေးငွေများ ချပေးထား

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) အောက်တွင် တရုတ်က ပါကစ္စတန်ထံ ငွေကြေးမတည်ထောက်ပံ့ပေးမှု၏ အဓိကငွေကြေးအများစုသည် ထောက်ပံ့ငွေများမဟုတ်ဘဲ စီးပွားရေးဆန်ပြီး အတိုးနှုန်းထားများသည့် သို့မဟုတ် အတိုးနှုန်းများသလောက်ဖြစ်နေသည့် ချေးငွေများသာ ဖြစ်ကြောင်း အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

အဆိုပါ တွေ့ရှိချက်များသည် ဗာဂျီးနီးယားရှိ William and Mary ကောလိပ်၌ အခြေစိုက်သည့် နိုင်ငံတကာ ဖွံ့ဖြိုးမှု သုတေသန ဌာန AidData က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၏ တစိတ်တဒေသလည်း ဖြစ်သည်။

CPEC အောက်ရှိ တရုတ်ချေးငွေများသည် စွမ်းအင် နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများ၌ စုစုပေါင်း ကတိပြုထားသည့် ပမာဏများ၏ ၉၅ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၇၃ ရာခိုင်နှုန်းတို့နှင့် ညီမျှသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။ တရုတ်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အကြား ပါကစ္စတန်သို့ ဖွံ့ဖြိုးရေးငွေကြေးအဖြစ် ကန်‌ဒေါ်လာ ၃၄ ဒသမ ၄ ဘီလီယံ ပေးမည်ဟု ကတိပြုထားသည်ဟုလည်း ယင်းက ပြောသည်။

ပျမ်းမျှ ချေးငွေတစ်ခုအတွက် အတိုးနှုန်းပမာဏက ၃ ဒသမ ၇၆ ရာခိုင်နှုန်း ဖြစ်ပြီး အတိုးနှင့်အတူ ချေးငွေကို နောက်ဆုံးထား အပြည့်အဝ ပြန်ဆပ်ရမည့် ကာလကို ၁၃ နှစ် ၂ လ အဖြစ် သတ်မှတ်ထားသလို သတ်မှတ်ချိန် ရွှေ့ဆိုင်းပေးမှု ကာလက ၄ နှစ် ၃ လ ဖြစ်သည်ဟု သတင်းစာက ဖော်ပြသည်။

နေရာတိုင်းတွင် နာမည်ဂုဏ်သတင်းပေါ်ထွက်မှု ဆုံးရှုံးနေပုံပေါ်နေသည့် ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း (BRI) စီမံကိန်းကို တရုတ်တို့ အထူးတလည် အမွှမ်းတင်နေရချိန် ယခု အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အလုပ်များ အရှိန်နှေးကွေးနေမှု အပါအဝင် အမျိုးမျိုးသော ကိစ္စရပ်များနှင့် အကြမ်းဖက် တိုက်ခိုက်မှုတို့က CPEC ရဲ့ တိုးတက်မှုကို အရှိန်နှေးကွေးစေသည်။

ပေကျင်းသည် BRI ၏ အဓိကကျသည့် နေရာတွင် ရှိသည့် CPEC နှင့်ပတ်သက်ပြီး အတော်အတန် စိုးရိမ်ပူပန်နေသည်။ အလုပ်လုပ်ကိုင်မှုအရှိန်နှေးနေမှု၊ မကြာမကြာ ပေါ်ပေါက်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အကျင့်ပျက်ခြစားမှုတို့က ယင်း စီမံကိန်းကို အရှိန်နှေးထားစေခဲ့သည်ဟု Hong Kong Post က ဖော်ပြသည်။

AidData အစီရင်ခံစာအရ တရုတ်၏ BRI ကြောင့် ဝင်ငွေ နည်းပါးသော နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ်ရှိသော (LMIC) နိုင်ငံအများအပြားကို စုစုပေါင်း ကန်ဒေါ်လာ ၃၈၅ ဘီလီယံအထိ ရှိသည့် “ဖုံးကွယ်ထားသော ကြွေးမြီများ” ဖြင့် ဝန်ပိထားစေခဲ့သည်ဟု ဖော်ပြသည်။ တရုတ်သည် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဘဏ္ဍာငွေ စျေးကွက်၌ လွှမ်းမိုးနိုင်သည့် ရပ်တည်ချက်တစ်ခု ထူထောင်ရန် အကူအညီထက် ချေးငွေကို အသုံးပြုထားခဲ့သည်ဟု ယင်းက ပြောသည်။

ထို အစီရင်ခံစာသည် နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် ကန်ဒေါ်လာ ၈၄၃ ဘီလီယံကျော် တန်ကြေးရှိ အကူအညီနှင့် ချေးငွေဖြင့် ငွေကြေးထောက်ပံ့ထားသည့် ပရောဂျက် ၁၃,၀၀၀ ကျော်ကို ခွဲခြမ်းလေ့လာခဲ့သည်။ AidData ၏ အဆိုအရ LMIC နိုင်ငံ ၄၀ ခန့်သည် ယခုအခါ ယင်းတို့၏ နိုင်ငံ ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားသော ပြန်ဆပ်ရန် မဖြစ်နိုင်သည့် ချေးငွေလယ်ဗယ်ပမာဏများ တရုတ်ထံတွင် တင်နေသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

ကန်ဒေါ်လာ သန်း ၅၀၀ သို့မဟုတ် ယင်းထက်ပိုများသည့် ချေးငွေများဖြင့် ငွေကြေးထောက်ပံ့သည့် “အကြီးစား ပရောဂျက်များ” နှစ်စဥ် အတည်ပြုသည့် အရေအတွက်သည် BRI ဖော်ဆောင်မှု၏ ပထမငါးနှစ်အတွင်း သုံးဆ တိုးထားခဲ့သည်။ ပိုမို ကြီးမားသည့် ချေးငွေများနှင့် တိုးချဲ့ထားသည့် ချေးငွေအစုစုတို့ ရှိနေလင့်ကစား BRI သည် တရုတ်၏ နိုင်ငံရပ်ခြား ဖွံ့ဖြိုးရေး ဘဏ္ဍာငွေ ပရိုဂရမ်၏ အခန်းကဏ္ဍပိုင်းဆိုင်ရာ သို့မဟုတ် ပထဝီဝင်ဆိုင်ရာ ပေါင်းစပ်ဖွဲ့စည်းမှုပိုင်းတွင် အဓိက အပြောင်းအလဲများကို ဦးတည်ထားစေခဲ့ခြင်း မရှိဟု အစီရင်ခံစာတွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly