ကန်ပက်လက်မြို့ စည်ပင်ပိုင် ဖော (FAW)ကားအား စစ်ကောင်စီတပ်ဖွဲ့ဝင်က တက်မောင်းရာ တိမ်းမှောက်ပြီး သေဆုံးသူရှိ၊ ၅ ဦး ဒဏ်ရာရ

ကန်ပက်လက်မြို့ စည်ပင်ပိုင် ဖော (FAW)ကားအား စစ်ကောင်စီတပ်ဖွဲ့ဝင်က တက်မောင်းရာ တိမ်းမှောက်ပြီး သေဆုံးသူရှိ၊ ၅ ဦး ဒဏ်ရာရ

ကန်ပက်လက် ၊ အောက်တိုဘာ-၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စည်ပင်ပိုင်ဖော(FAW)ကားကို စစ်ကောင်စီတပ်များမှသိမ်းယူအသုံးပြုနေကြပြီး မြို့တွင်း မောင်းနှင်ရာ ပြီးခဲ့သည့် အောက်တိုဘာ ၄ရက် ညနေပိုင်းက ကန်ပက်လက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် တိမ်းမှောက်ပြီး ယာဉ်မောင်းစစ်သားတစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

''ကန်ပက်လက်မြို့ အောက်ဖက် RC ဘုရားကျောင်းအဝင်က အဆင်းမှာဖြစ်တာ၊ နှစ်ခြင်းဘုရားကြောင်းရဲ့ အပေါ်ဖက်လေးမှာပေါ့။ စစ်ကောင်စီတပ်တွေက စည်ပင်ပိုင် အမှိုက်သိမ်းတဲ့ ဖောကားကိုယူပြီး မြို့ထဲမှာ သူတို့လူတွေ လိုက်ပို့ နေရာချတာတွေရှိတယ်။အခု အဆင်းမှာ ကားမှောက်သွားတော့ မောင်းတဲ့စစ်သား ခါးကျိုးပြီး သေတယ်။ ငါးယောက်လောက်ကတော့ ဒဏ်ရာရလို့ ဆေးရုံရောက်နေကြတယ်''ဟု မြို့ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များအား မြို့ထဲတွင်ကင်းချရန်အတွက် တောင်ကုန်းမှ ဆင်းလာချိန်တွင် ဘုရားကျောင်းရှေ့အရောက် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ် တိမ်းမှောက်သည့်နေရာ အနီးရှိ ဘုရားကျောင်းသည် ပြီးခဲ့သည့်ဩဂုတ်လ ၆ရက် က စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် နှစ်ခြင်းဘုရားကျောင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly