ထိုင်ဝမ်ကို တရုတ်က မကျူးကျော်ရန် ကာကွယ်နိုင်ကြောင်း အမေရိကန်ဒုကာကွယ်ရေးဝန်ကြီးပြော

ထိုင်ဝမ်ကို တရုတ်က မကျူးကျော်ရန် ကာကွယ်နိုင်ကြောင်း အမေရိကန်ဒုကာကွယ်ရေးဝန်ကြီးပြော

ထိုင်ဝမ်အပေါ် တရုတ်ကျူးကျော်လာနိုင်ခြေကို အမေရိကန်အနေဖြင့် ဟန့်တားနိုင်စွမ်းရှိကြောင်း အမေရိကန် ဒုကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်က အောက်တို့ဘာ ၁ ရက်က ပြောသည်။

အမေရိကန် မူဝါဒရေးရာသုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သော မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) က ကျင်းပသည့် အွန်လိုင်းဖိုရမ်၌ ဟစ်က ထိုင်ဝမ်၏ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို ပိုမိုအားကောင်းစေရေး အမေရိကန်၏ကတိကဝတ်ကို ထပ်တလဲလဲပြောကြားခဲ့သည်ဟု Focus Taiwan ကဖော်ပြခဲ့သည်။

ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှု အလားအလာနှင့်ပတ်သက်၍ ဟစ်က အမေရိကန်အနေဖြင့် ဒေသတွင်းအခြေအနေကို နေ့စဉ်နှင့်အမျှ ဂရုတစိုက်စောင့်ကြည့်နေကြောင်း ပြောခဲ့သည်။

“ကျူးကျော်နိုင်မှုအလားအလာဟူသမျှကို နှိမ်နင်းဖို့ ဒေသတွင်း ရှေ့ဆက်နိုင်တဲ့စွမ်းရည်တွေ အများကြီးရှိပါတယ်။ ကျွန်မတို့က ထိုင်ဝမ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ၁၉၇၀ ပြည့်နှစ် အလွန်ကတည်းက အဓွန့်ရှည်တည်တံ့နေတဲ့ ထိုင်ဝမ်အတွက် ကျွန်မတို့မှာ ကတိကဝတ်တွေရှိပါတယ်” ဟု ဟစ်က ပြောသည်။

တရုတ်၏ ကျူးကျော်မှုအလားအလာကို ဟန့်တားနိုင်ရေး ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် အမေရိကန်ကူညီနေခြင်းသည် အဓိကအချက်ဖြစ်ကြောင်း ဟစ်က ပြောသည်။

“ဒါဟာ တကယ့်ကို အရေးကြီးပါတယ်။ တရုတ်အတွက်အဟန့်အတားဖြစ်စေတဲ့ တွက်ချက်မှုနဲ့ ပတ်သက်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့စွမ်းရည်ရှိတဲ့ ထိုင်ဝမ်တွေဟာ အပြောင်းအလဲအသစ် လုပ်သူတွေပါ” ဟု ဟစ်က ဆိုသည်။

တရုတ်အစိုးရ သည် ပြီးခဲ့သည်နှစ် စက်တင်ဘာလလယ်ကတည်းက ထိုင်ဝမ်လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ လေယာဉ်များပုံမှန်းစေလွှတ်ခြင်းဖြင့် ၎င်းတို့၏မီးခိုးရောင်ဇုန်နည်းဗျူဟာများကို အရှိန်မြှင့်ခဲ့ပြီး ပျံသန်းမှုအများစုကို ဇုန်၏အနောက်တောင်ပိုင်းထောင့်ပိုင်း၌ ပြုလုပ်ကာ အများအားဖြင့် အနှေးပျံတာဗိုဂျက်လေယာဉ် ၁ စင်းမှ ၃ စင်း ပါဝင်တတ်သည်။

ထို့ပြင် ထိုင်ဝမ်သည် တရုတ်အစိုးရက အကြိမ်ကြိမ်ဆန့်ကျင်သည့် အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးများတိုးမြှင့်ခြင်းအားဖြင့် တရုတ်တို့၏ ရန်လိုမှုကို ကြုံတွေ့နေရသည်။

“ထိုင်ဝမ်၏ လွတ်လပ်ရေး” သည် “စစ်ပွဲ” ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့် အပြည့်အဝပေါင်းစည်းရန် ကတိပြုခဲ့ပြီး ထိုင်ဝမ်အတွက် တရားဝင်လွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကိုချေမှုန်းရန် ဇွန်၁ရက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly