တရုတ်လေတပ်ကျူးကျော်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးထိခိုက်သည်ဟု ထိုင်ဝမ်စွပ်စွဲ

တရုတ်လေတပ်ကျူးကျော်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးထိခိုက်သည်ဟု ထိုင်ဝမ်စွပ်စွဲ

ထိုင်ဝမ်က ၎င်း၏လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၃၈ စင်းကျူးကျော် ဝင်ရောက်ခြင်းသည် စစ်ရေးအရရန်လိုမှု လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးကို ပျက်စီးစေကြောင်း တရုတ်အား စွပ်စွဲပြောဆိုလိုက်သည်။

“တရုတ်က စစ်ရေးအရရန်လိုမှုကို အကြောင်းမဲ့ လုပ်ဆောင်နေပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ပျက်စီးစေပါတယ်” ဟု ထိုင်ဝမ်ဝန်ကြီးချုပ် ဆူဆန်ချန်က အောက်တိုဘာ ၂ ရက်မနက်ပိုင်းက သတင်းထောက်များကို ပြောခဲ့သည်။

တရုတ်စစ်လေယာဉ် ၃၈ စင်းသည် အောက်တိုဘာ ၁ ရက်က ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ထဲသို့ ဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်က ထုတ်ပြန်ထားသလို ပြီးခဲ့သည့်နှစ်က ထိုကဲ့သို့သော လုပ်ဆောင်ခြင်းများကို လူထုအား စတင်အသိပေးထုတ်ပြီးနောက်ပိုင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ အကြီးမားဆုံးကျူးကျော်မှု ဖြစ်နိုင်သည်ဟု ထိုင်ဝမ်သတင်းတွင် ဖော်ပြထားသည်။

PLA လေတပ်မှ လေယာဉ်များသည် နှစ်ကြိမ်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားလျက် CNN သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မှ စစ်လေယာဉ် ၂၅ စင်းသည် အောက်တိုဘာ ၁ ရက် နေ့အချိန်တွင် ထိုင်ဝမ်ကာကွယ်ရေးဇုန် အနောက်တောင်ထောင့်အရပ်သို့ ဝင်ရောက်ခဲ့ပြီး ညပိုင်း၌ ကျွန်း၏ အနောက်တောင်ပိုင်းသို့ နောက်ထပ် လေယာဉ် ၁၃ စင်း ဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယအကြိမ်ပျံသန်းမှုတွင် J-16 တိုက်လေယာဉ် ၁၀ စင်း၊ H-6 တိုက်လေယာဉ် ၂ စင်းနှင့် KJ-500 ကြိုတင်သတိပေးနှင့်ထိန်းချုပ်ရေးလေယာဉ် ၁ စင်းတို့ ပါဝင်သည်ဟု ဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် ၇၂ နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်သည့်နေ့တွင် ထိုသို့ကျူးကျော်ပျံသန်းမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ သည် ပြီးခဲ့သည်နှစ် စက်တင်ဘာလလယ်ကတည်းက ထိုင်ဝမ်လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ လေယာဉ်များပုံမှန်စေလွှတ်ခြင်းဖြင့် ၎င်းတို့၏မီးခိုးရောင်ဇုန်နည်းဗျူဟာများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ပျံသန်းမှုအများစုကို ဇုန်၏အနောက်တောင်ထောင့်၌ ပြုလုပ်ကာ အများအားဖြင့် အနှေးပျံ တာဗိုဂျက်လေယာဉ် ၁ စင်းမှ ၃ စင်း ပါဝင်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly