စစ်ကောင်စီ တပ်များက KNU ထိစပ်ဒေသများမှ လူငယ်များတောင်း

By သတင်းနှင့် မီဒီယာ ကွန်ရက်
05 October 2021
စစ်ကောင်စီ တပ်များက KNU ထိစပ်ဒေသများမှ လူငယ်များတောင်း

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်။

ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာအုပ်စုတစ်စုလျှင် လူငယ် အယောက် ၃၀ စီ ပေးရန် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက တောင်းဆိုမှုများရှိသည် ဟု ညောင်လေးပင်ခရိုင်ရှိ ဒေသခံများနှင့် KNU က ပြောသည်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ရွှေကျင်နှင့် မုန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စုများရှိ ဒေသခံ လူငယ်များကို ပေးရန် စစ်ကောင်စီဖက်က ပြောဆိုလာကြောင်း ဒေသခံများက ပြောသည်။

ညောင်လေးပင်ခရိုင်ရှိ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ကျနော်တို့ မုန်းဒေသ၊ ဒီနတ်သံ ကွင်းတို့ အုပ်စုမှတော့ ကျနော်တို့ တောင်းတယ်လို့ ကြားတာပဲ။ ဒီဖက် အခုနက ရွှေကျင်ဖက်ခြမ်းမှာလည်း ကြားတယ် ဟု ပြောသည်။

စစ်ကောင်စီဘက်က တောင်းဆိုမှုနှင့် ပတ်သက်၍ KNU က စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့များသည် ကေအဲန်ယူ-ဆောထိမြို့နယ်မှ အင်းကြိုက်၊ ထမင်း ရုံ၊ အောဖလား နှင့် တံတားကျိုး ကျေးရွာများ အတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာအုပ်စုတစ်အုပ်စုတွင် လူငယ် ၃၀ ဦး ပေးဆောင်ရန် ဆင့်ခေါ်ခဲ့ပါသည်။

ကျေးရွာအုပ်စု တစ်အုပ်စုမှ လူငယ် (၃၀) ဦးမပေးဆောင်လျှင် လိုက်လံဖမ်းဆီးမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စက်တင်ဘာလ ၄ ရက် (ယမန်နေ့) တွင် ထုတ်ပြန်ထားသည်။

ထိုသို့ ပြောဆိုမှုများရှိနေရသော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီဖက်မှ အကောင်အထည်ဖော် လုပ်ဆောင်မှုများကို မတွေ့ရသေးကြောင်း ညောင်လေးပင်ခရိုင်ရှိ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

၎င်းက ဒီဖက် ဒီရွှေကျင်ဘက်ခြမ်းမှာလည်း ကြားနေရတယ်။ အဲ့လိုခေါ်တာပေါ့နော်။ ဒါပေမယ့် တကယ်တော့ လက်တွေ့မှာတော့ သူတို့ လုပ်တာ မရှိသေးဘူးပေါ့နော။ တစ်နေရာ နှစ်နေရာမှာတော့ သူတို့ တောင်းတာ ကြားတယ်။ ဒီဖက်မှာတော့ ကျနော်တို့ ကြားတာပဲ။ ကြားတဲ့ အပေါ်မှာ တကယ်တော့ သူတို့ လုပ်တာတော့ မတွေ့ သေးဘူး ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီအား လူငယ်များပေးရန် တောင်းထားသည့် နယ်မြေများသည် စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ တို့ နှစ်ဖက်ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည်ဟု ညောင်လေးပင်ခရိုင်ရှိ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ က ဆက်ပြောသည်။

"နှစ်ဖက် ထိန်းချုပ်နယ်မြေအပေါ်မှာလည်းပဲ သူတို့ ချိန်ဆပြီးတော့ လုပ်နေတဲ့ သဘောတော့ ရှိတယ်။ ဒါပေမယ့် ပြောတာကတော့ ကြားတယ်။ အဲလိုတောင်းတာ ၁၅ ယောက်တို့ ၃၀ တို့ ဆိုတာမျိုး အဲ့ဖက်တွေမှာ သူတို့ အစီအစဉ်တော့ရှိတယ်။ ဒါပေမယ့် အတင်းအဓမ္မလုပ်တဲ့ အနေအထားတစ်ခုကတော့ မရှိသေးဘူးပေါ့နော်။ အဲဒီကိစ္စကတော့ ခုနပြောသလိုပေါ့ နှစ်ဖက် ထိန်းချုပ်တဲ့ နေရာက ဟိုဖက်လည်း လက်လှမ်းမှီတယ်။ ဒီဖက် လည်း လက်လှမ်းမှီတယ်။ သူတို့အရမ်းလည်း မလုပ်ပါဘူး။ ဒါပေမယ့် နောက်ဆုံး သူတို့ အခြေအနေတစ်ခု အပေါ် မှာ လုပ်ကောင်းလုပ်နိုင်တယ်။ ဒါပေမယ့် ပြောတာကတော့ ကြားတယ်။ အဲ့သလို" ဟု ပြောသည်။

စစ်ကောင်စီတပ်များက ပဲခူတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာအုပ်စုများမှ လူငယ်များကို ပေးဆောင်ရန် ပြောဆိုနေသကဲ့သို့ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း ဒေသခံများကို ဖမ်းဆီးကာ ပစ္စည်းများကို သယ်ခိုင်းခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းနှင့် အသုံးပြုလူသားဒိုင်းသဖွယ်မှုများကို လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အတွင်းကလည်း ညောင်လေးပင်ခရိုင်အတွင်းက တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည့်အတွက် ကျေးရွာများတွင် ပြန်လည်နေထိုင်နေကြသည်ဟု ကရင်လူမှုရေးရာ တာဝန်ရှိသူက ပြော သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုင်းလိုလိုတွင် စစ် ကောင်စီတပ်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်တို့ ကြားတွင်သော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်တို့အကြားတွင်းသော်လည်းကောင်း တိုက်ပွဲဖြစ်ပွား လာခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေရာတိုင်းတွင် လုပ်ဆောင်နေသည်ဟု တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly