ကယားပြည်နယ်တွင် ယနေ့ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄ ဦးသေ၊ စစ်ကား ပျက်စီး

ကယားပြည်နယ်တွင် ယနေ့ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄ ဦးသေ၊ စစ်ကား ပျက်စီး

အောက်တိုဘာ ၄

ကယား(ကရင်နီ)ပြည်နယ်တွင် ယနေ့ အောက်တိုဘာလ ၄ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကားတစ်စီးပျက်စီးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ ကရင်နီပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ထိခိုက်သူမရှိကြောင်း ကရင်နီအမျိူးသားများကာကွယ်ရေးတပ်(KNDF)မှ ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၄ ရက် နေ့လည် ၁ နာရီခန့် က ဒေါပိုးစီကျေးရွာတွင် တစ်ကြိမ်၊ ညနေပိုင်း ၃ နာရီ မိနစ် ၃၀ ခန့်က ဒေါခလိုက်လင်းကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ ညနေပိုင်း ၅ နာရီခန့်တွင် လွိုင်ကော်မြို့မှ ဒီးမော့ဆိုမြို့နယ်ဘက်သို့ ဦးတည်လာသော စစ်ကား ၃၅ စီးပါသည့် အကြမ်းဖက် စစ်ကောင်စီတပ် ယာဉ်တန်းကို ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်နှင့် (၅) မိုင် ကျေးရွာ အကြားတွင် ကရင်နီပူးပေါင်းတပ်များဖြစ်သည့် ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက် ဖော်ပြထားသည်။

ထို့နောက် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီး တစ်လျှောက် လမ်းကင်းချထားသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်တို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့နယ်တို့တွင် အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် ဖရူဆို၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များဘက်သို့ လူ၊ လက်နက်၊ ရိက္ခာအပြည့်ပါသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများ ဦးတည်သွားနေသည့်အတွက် ယင်းမြို့နယ်များတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမည့် အခြေအနေရှိကြောင်း KNDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly