ဒဏ်ခတ်ပိတ်ဆို့ရေး ဥပဒေမူကြမ်း အမေရိကန်ဆိနိတ်တာများ တင်သွင်းပြီးနောက် ပါကစ္စတန်၌ စတော့ရှယ်ယာစျေးများ ကျဆင်း

ဒဏ်ခတ်ပိတ်ဆို့ရေး ဥပဒေမူကြမ်း အမေရိကန်ဆိနိတ်တာများ တင်သွင်းပြီးနောက် ပါကစ္စတန်၌ စတော့ရှယ်ယာစျေးများ ကျဆင်း

တာလီဘန်တို့အပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ရေး တောင်းဆိုပြီး လိုအပ်ပါက ပါကစ္စတန်ကိုပါ ဒဏ်ခတ်အရေးယူမှုလုပ်နိုင်ရေး ရည်ရွယ်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန်အထက်လွှတ်တော်အမတ်များက တင်သွင်းခဲ့ပြီးနောက် စက်တင်ဘာ ၂၉ ရက်တွင် ပါကစ္စတန်၌ စတော့ရှယ်ယာစျေးများသည် ၃ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်ဟု သိရသည်။

ကရာချိ စတော့အိတ်စ်ချိန်း ၁၀၀ အညွှန်းကိန်းသည် ယင်းနေ့က ၉၀၈ ပွိုင့် လျော့ကျပြီး ၄၄,၃၆၆.၇၄ သို့ ရောက်ရှိကာ ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ထို့ပြင် ဥ‌ပဒေမူကြမ်း၏ သက်ရောက်မှုကြောင့် ပါကစ္စတန်ရူပီးငွေတန်ဖိုးသည်လည်း ကန်ဒေါ်လာနှင့်ယှဥ်ပါက ၁၇၀.၂၇ တွင် ရောက်ရှိပြီး ယင်း၏ အနိမ့်ဆုံးအတိုင်းအတာသို့ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း တာလီဘန်တို့နှင့် စပ်လျင်းပြီး ပါကစ္စတန်၏ ပတ်သက်မှုအခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းသွားရန် ရှိနေသည့် အမေရိကန် အထက်လွှတ်တော်၌ တင်သွင်းခဲ့သော ဥပဒေမူကြမ်းက ယင်းကဲ့သို့ ကျဆင်းမှုများ၏ နောက်ကွယ်မှ အဓိကအကြောင်းရင်း ဖြစ်သည်ဟု Intermarket Securities မှ အမှုဆောင် ညွှန်ကြားရေးမှူး ရာဇာ ဂျာဖရီက ပြောသည်။

“တစ်ခုခုကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် သူတို့ဟာ ပါကစ္စတန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ စီစဥ်ပါလိမ့်မယ်၊ ဒါက တကယ်တော့ မကြားဝံ့စရာ ကိစ္စပါပဲ၊ ဒါက ရုတ်တရက် ထိတ်ထိတ်ပျာပျာ ဖြစ်မှုတွေကို ရှိလာစေပါတယ်၊ ခံစားမှုတွေက အားနည်းနေခဲ့ပြီး အဲဒီနောက် ပြိုပျက်ခဲ့ပါတယ်” ဟု ဂျာဖရီက ပြောသည်။

အာဖဂန်နစ္စတန်အစိုးရကို ပြုတ်ကျစေခဲ့သည့် ၂၀၂၁ ခုနှစ် တာလီဘန်၏ ထိုးစစ်ဆင်မှုတွင် ပါကစ္စတန်ဘက်မှ ထောက်ပံ့မှု ရှိမရှိနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး တောင်းဆိုသည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန် ဆိနိတ်လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“အာဖဂန်နစ္စတန် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ကြီးကြပ်မှုနှင့် တာဝန်ခံမှု အက် ဥပဒေ” ဟု အမည်ပေးထားသည့် ထိုဥပဒေမူကြမ်းသည် အာဖဂန်နစ္စတန်ကနေ အမေရိကန်တို့ တက်သုတ်ရိုက် ရုပ်သိမ်းဆုတ်ခွာခဲ့ရမှုနှင့်စပ်လျင်းသည့် ရှင်းလင်းရန် ကျန်နေသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည်။

အမေရိကန် အထက်လွှတ်တော်အမတ် ၂၀ ဦးကျော်က စက်တင်ဘာ ၂၈ ရက်တွင် ထို ဥပဒေမူကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး တစ်ဆက်တည်းမှာပင် အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့နှင့် ယင်းအဖွဲ့ကို ထောက်ကူပေးနေသည့် နိုင်ငံခြား အစိုးရများအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး တောင်းဆိုခဲ့ကြသည်ဟု The News International က ဖော်ပြသည်။

“ဒီ အက်ဥပဒေ ပြဋ္ဌာန်းထုတ်ပြန်တဲ့နေ့နောက်ပိုင်း ရက်ပေါင်း ၁၈၀ ထက် နောက်မကျဘဲ၊ အဲဒီနောက်ပိုင်း အနည်းဆုံး တစ်နှစ်တစ်ကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးတို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး တာလီဘန်တို့ကို ထောက်ပံ့ပေးနေသူတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို သင့်လျော်တဲ့ ကွန်ဂရက်ကော်မတီတွေဆီ တင်ပြရမှာ ဖြစ်ပါတယ်” ဟု ဥပဒေမူကြမ်းတွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly