ပူးပေါင်းဆောင်ရွက်မှု မရှိပါက မြန်မာအာဏာသိမ်းခေါင်းဆောင် အာဆီယံညီလာခံကနေ ချန်လှပ်ခံရနိုင်ဟု မလေးရှား ပြော

By Daily Mail/ AP
04 October 2021
ပူးပေါင်းဆောင်ရွက်မှု မရှိပါက မြန်မာအာဏာသိမ်းခေါင်းဆောင် အာဆီယံညီလာခံကနေ ချန်လှပ်ခံရနိုင်ဟု မလေးရှား ပြော
Photo - AFP

အောက်တိုဘာ ၄

မြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က ငြင်းဆန်နေမည်ဆိုပါက ယခုလကုန်ပိုင်းတွင် ကျင်းပသွားမည့် အာဆီယံအဖွဲ့ ထိပ်သီးတွေ့ဆုံပွဲကနေ မြန်မာကို ချန်လှပ်သွားနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၄ ရက်တွင် သတိပေးသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းမှု ဖြစ်ထားခဲ့ပြီးနောက် ပေါ်ပေါက်နေသည့် နိုင်ငံရေး အကျပ်အတည်းကို ကြားဝင်ဖြေရှင်းရန်အတွက် အာဆီယံအုပ်စုက ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝမ် ယူဆွတ်ဖ်ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်တာဝန်ပေးထားခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ လာရောက်နိုင်ရေးနှင့်ပတ်သက်၍ အာဏာသိမ်းစစ်အုပ်စုနှင့် ညှိနှိုင်းနေရဆဲ အဆင့်၌သာ ရှိနေသည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က အာဆီယံအထူးကိုယ်စားလှယ် ယူဆွတ်ဖ် နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိမှုအပေါ် စိတ်ပျက်မိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဘဒူလာက အောက်တိုဘာ ၄ ရက်က အခြားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“တစုံတရာ တိုးတက်မှု မရှိရင်တော့ မြန်မာ စစ်တပ်ခေါင်းဆောင်ကို ဒီလကုန်ပိုင်း အာဆီယံထိပ်သီးတွေ့ဆုံပွဲမှာ ပါဝင်စေခွင့်ပြုဖို့က ခက်ခဲပါလိမ့်မယ်” ဟု ၎င်းက တွစ်တာတွင် ရေးသားခဲ့သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာချုပ်ကိုင်မှုကို တန်ပြန်ဆန့်ကျင်ရန် အခွင့်အလမ်း နည်းပါးသွားနိုင်မည်ကို စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြီးခဲ့သည့်အပတ် အစီရင်ခံစာတွင် သတိပေးထားခဲ့သည်။

အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်မှုကို ကြိုဆိုသည်ဟုလည်း ၎င်းက ပြောခဲ့သည်။

သို့သော် အာဆီယံ၏ လုပ်ဆောင်မှုက တိုးတက်မှု နှေးကွေးနေခြင်းနှင့်အတူ  မြန်မာနိုင်ငံ အကျပ်အတည်းက ပိုမိုကြီးမားသည့် ပဋိပက္ခ နှင့် ဘက်ပေါင်းစုံ ပါဝင်သည့် ကြီးမားသောဘေးဒုက္ခဆိုးကြီးမျိုး ဖြစ်မလာစေရေးအတွက် တားဆီးရန် ဒေသတွင်းနှင့် နိုင်ငံတကာက အမြန်ဆုံး ဝိုင်းဝန်းတုံ့ပြန်ဆောင်ရွက်ရေး ၎င်းက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly