စစ်ကိုင်းနှင့် မကွေးတွင် ပြည်သူ့တော်လှန်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ၊ စစ်ကောင်စီဘက်မှ ၆၁ ဦးသေ

စစ်ကိုင်းနှင့် မကွေးတွင် ပြည်သူ့တော်လှန်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ၊ စစ်ကောင်စီဘက်မှ ၆၁ ဦးသေ

အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးနယ်စပ်နေရာ နှစ်‌နေရာတွင် ပြည်သူ့တော်လှန်ရေးတပ်မတော် (People Revolution Army (PRA) ) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ ဦးသေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ပြည်သူ့တော်လှန်ရေးတပ်မတော်၏ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ဂျပန်က ရှေ့တန်းတစ်နေရာမှ မဇ္ဈိမသတင်းဌာနကို အဆိုပါသတင်း မှန်ကန်ကြောင်း အတည်ပြုသည်။

“ဟုတ်ပါတယ်။ နှစ်နေရာတိုက်ပွဲဖြစ်ပါတယ်။ နဂါးမတောင်ကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၃ ယောက်သေတယ်။ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းနယ်စပ် ပုံတောင် ပုံညာဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၈ ယောက်သေတယ်။ အခုလည်း နောက်တစ်နေရာမှာ တိုက်ပွဲဖြစ်နေတယ်။ နေရာတော့ ပြောလို့မရသေးပါဘူး “ ဟုရှေ့တန်းတစ်နေရာသို့ရောက်ရှိနေသည့် ဗိုလ်ဂျပန် ကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နဂါးမတောင်တွင်တပ်စွဲနေသည့် အင်အား ၁၂၀ ဝန်းကျင်ခန့်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၇နာရီ ဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်မှ ၃၃ ဦးကျဆုံးခဲ့သည်။

“သူတို့ကနဂါးမတောင်ကျေးရွာနားမှာ အင်အား ၁၂၀ လောက်နဲ့ တပ်စခန်းချနေတာ ထိုးစစ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ နောက် သူတို့ဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို မိုင်းဆွဲလိုက်တယ်။ ၄၅ မိနစ်လောက်ပဲကြာပါတယ် “ဟု ဗိုလ်ဂျပန်က ထပ်မံဖြေကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး နယ်စပ်ရှိ ပုံတောင်ပုံညာဒေသတွင် ယနေ့ နံနက် ၁၁နာရီ မိနစ် ၃၀ခန့်က အကြမ်းဖက်စစ်ကောင်စီ တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံးကြောင်းသိရသည်။

ပုံတောင်ပုံညာဒေသ တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက် မသိရှိရသေးပေ။

မဇ္ဈိမသတင်းဌာနက တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ညနေ ၄ နာရီအချိန်တွင် ဆက်သွယ်မေးမြန်းရာ တွင် ရှေ့တန်းသို့ရောက်ရှိနေသည့် ဗိုလ်ဂျပန်က “နေရာနှစ်ခုကို PDF ဘက်က တပ်ရင်း လေးခုနဲ့ ဝင်တိုက်တာပါ ။အခုလည်းတိုက်ပွဲဖြစ်နေပါတယ်။ နေရာတော့ပြောလို့မရသေးပါဘူး" ဟု ဆိုသည်။

ပြည်သူတော်လှန်ရေး တပ်မတော်ဘက်မှ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)

ရရှိထားကြောင်း သိရသည်။

လက်ရှိအချိန် တွင် စစ်ကိုင်းဒေသကြီးနေရာတော်တော်များများ တွင် ဆက်သွယ်ရေးခက်ခဲမှုများရှိနေကြောင်းသိရသည်။

ပြည်သူ့တော်လှန်ရေးတပ်မတော် က အောက်တိုဘာလ ၁ ရက်က အကြမ်းဖက်စစ်ကောင်စီကို စစ်မျက်နှာဖွင့်လှစ်ကြောင်း ကြေညာ အပြီး သုံးရက်မြောက်နေ့တွင် စတင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required