ပါကစ္စတန်တွင် ပြုလုပ်မည့် အကြမ်းဖက်တိုက်ဖျက်ရေး လေ့ကျင့်မှုတွင် အိန္ဒိယ ပါဝင်ဖွယ်ရှိ

ပါကစ္စတန်တွင် ပြုလုပ်မည့် အကြမ်းဖက်တိုက်ဖျက်ရေး လေ့ကျင့်မှုတွင် အိန္ဒိယ ပါဝင်ဖွယ်ရှိ

ပါကစ္စတန်တွင် ကျင်းပမည့် ရှန်ဟိုင်း ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) သို့ ၃ ဦးပါသောအဖွဲ့တစ်ဖွဲ့ဖြင့် အိန္ဒိယက ပါဝင်သွားဖွယ်ရှိနေသည်။

Pabbi Anti-terror Exercise 2021 အကြမ်းဖက်တိုက်ဖျက်ရေး လေ့ကျင့်မှုကို SCO ၏ ဒေသဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ (RATS) ၏ ပံ့ပိုးမှုဖြင့် အောက်တိုဘာ ၃ ရက်မှစတင်၍ ပါကစ္စတန်၏ နော်ရှာရာခရိုင်၊ ပက်ဘီဒေသတွင် ကျင်းပသွားမည်ဖြစ်သည်။

SCO အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် ယခုလေ့ကျင့်မှု၌ ပါဝင်ခြင်းသည် ပါကစ္စတန်က နယ်စပ်ဖြတ်ကျော် အကြမ်းဖက် လုပ်ငန်းများကို ဆက်လက်အားပေးနေသည်ဆိုသော အိန္ဒိယ၏ သတ်မှတ်ချက်ကို လျော့ကျသွားစေမည်မဟုတ်ပေ။ လုံခြုံရေးဆိုင် သက်ဆိုင်သော ကိစ္စများ အထူးသဖြင့် အာဖဂန်နစ္စတန်နှင့် ပတ်သက်၍ SOC တွင် ပါဝင်နေခြင်းသည် အရေးကြီးကြောင်း အိနိ္ဒယအစိုးရက သတ်မှတ်ထားသည်။

ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နှင့် အခြားဗဟိုအာရှ ၄ နိင်ငံတို့က တင်းပြည့်အဖွဲ့ဝင်များဖြစ်ပြီး အီရန်ကလည်း ပါဝင်ထားသည့် SCO သည် အာဖဂန်နစ္စတန်အခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေးနှင့် သံတမန်ရေးရာ ဖြေရှင်းဆောင်ရွက်ရာတွင် အဓိကနေရာမှ ပါဝင်လာနိုင်ဖွယ်ရှိသည်။

ယခုလေ့ကျင့်မှုအား ပြုလုပ်ရန် မတ်လအတွင်းက ကြေညာခဲ့ပြီးနောက် ပါဝင်ရန် အတည်ပြုခဲ့သည့် နိုင်ငံများအနက် အိန္ဒိယသည် နောက်ဆုံးဖြစ်သည်။ SCO ၏ လုပ်ထုံးလုပ်နည်းအရ ပါကစ္စတန်အနေဖြင့် အိန္ဒိယအပါအဝင် အဖွဲ့ဝင်နိုင်ငံများကို ဖိတ်ကြားရသည်။ ယခုလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်များ မပါဝင်ဘဲ အကြမ်းဖက်လှုပ်ရှားမှုများအား ငွေကြေးပံ့ပိုးသည့် လမ်းကြောင်းကို ရှာဖွေ ဖော်ထုတ် တိုက်ဖျက်ရန် ဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရရှိပြီးဖြစ်သော်လည်း ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုဆိုးရွားလာသည့်အချိန်တွင် ယခုလေ့ကျင့်မှုကို ပြုလုပ်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လအတွင်းက ဂျမူး-ကက်ရှ်မီးယားဒေသသို့ ပါကစ္စတန်စစ်တပ်က ကျူးကျော်မှုများ လုပ်ဆောင်ခဲ့ ကြောင်း အိန္ဒိယစစ်တပ်က စွပ်စွဲခဲ့သလို နယ်စပ်ထိန်းချုပ်မျဉ်းအနီးရှိ နေရာတစ်ခုတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်စစ်သွေးကြွတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly