တရုတ်၏ ရန်လိုမှု မြင့်တက်နေချိန်တွင် အမေရိကန်က ဂျပန်နှင့် ဆက်ဆံရေး တိုးမြှင့်မည်

တရုတ်၏ ရန်လိုမှု မြင့်တက်နေချိန်တွင် အမေရိကန်က ဂျပန်နှင့် ဆက်ဆံရေး တိုးမြှင့်မည်

တရုတ်၏ရန်လိုမှုကြီးထွားလာနေချိန်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာမည့် သူဟု မှန်းဆရသည့် ဖူမီအို ကီရှီဒါနှင့် အနီးကပ်ဆက်ဆံရေးတည်ဆောက်ရန် မျှော်လင့်ထားသည်။

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါသည် ပါတီဥက္ကဋ္ဌရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ပြီးနောက် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌရွေးကောက်ပွဲ၌ ကီရှီဒါက အနိုင်ရလာချိန်တွင် အမေရိကန်က ယခုကဲ့သို့ ပြင်ဆင်လာခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ပြောသည်။

ကီရှီဒါအနေဖြင့် အာဏာဆုပ်ကိုင်ထားနိုင်မှုကို ခိုင်မာအောင်လုပ်ဆောင်ကာ ဆုံလည်တံခါးကဲ့သို့ ခေါင်းဆောင်များ အဝင်အထွက်များသည့်ခေတ်ကို ပြန်ရောက်ခြင်းမှ ဂျပန်အား ရှောင်ရှားစေနိုင်မည်လားဆိုသည်ကို ဘိုင်ဒင်အစိုးရက အနီးကပ်စောင့်ကြည့်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

ဝါရှင်တန်အကြံပေးအဖွဲ့မှ အကြီးတန်း ဒုဥက္ကဋ္ဌ မိုက်ကယ်ဂရင်းက ဂျပန်သည် နည်းပညာနှင့် ကာကွယ်ရေးမှစ၍ ဒီမိုကရေစီနှင့် သံတမန်ရေးရာအထိ အမေရိကန်က စောင့်ကြည့်နေသည့် တရုတ်နှင့် ယှဉ်ပြိုင်မှုနယ်ပယ်တိုင်းတွင် တည်ရှိနေသည်ဟု ဆိုသည်။

ဘိုင်ဒင်အစိုးရသည် အားကောင်းသောဂျပန်ခေါင်းဆောင်မှုလိုအပ်သောကြောင့် နောက်တက်မည့် ဂျပန်ဝန်ကြီးချုပ်ကို အလျင်အမြန် လက်ခံရန် သေချာကြောင်း ဂရင်းက ပြောသည်။

“သမ္မတရှီကျင့်ဖျင်လက်ထက်မှာ တရုတ်က အလွန်ရန်လိုကာ ရည်မှန်းချက်ကြီးပြီး နိုင်ထက်စီးနင်းပြုတဲ့ လုပ်ပုံကိုင်ပုံတွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်စရာမလိုဘဲ အမေရိကန်-ဂျပန်မဟာမိတ် အခြေအနေတစ်ရပ် လိုအပ်လာပါတယ်။ ဒါကြောင့် ဒီမဟာမိတ်ပြုမှုက အရေးတကြီးဖြစ်ပါတယ်” ဟု ဂရင်းပြောကြားချက်ကို ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

ယခုလအစောပိုင်းက တရုတ်သမ္မတရှီကျင့်ဖျင်သည် အမေရိကန်သမ္မတနှင့် ဖုန်းပြောဆိုခဲ့ရာတွင် အမေရိကန် မူဝါဒသည် နှစ်နိုင်ငံဆက်ဆံရေး၌ ဆိုးရွားသောအခက်အခဲများကိုဖြစ်ပေါ်စေလျက် နှစ်နိုင်ငံစလုံးရှိ ပြည်သူများ၏ အခြေခံအကျိုးစီးပွားများနှင့် နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားများကိုပါ ကွဲလွဲဆန့်ကျင်မှုများဖြစ်စေသည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required