အမေရိကန်နှင့်သဘောတူညီချက်ကို ပြန်လည်သုံးသပ်ခြင်း မပြုလုပ်ရန် တရုတ်က တိုက်တွန်းခဲ့ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ပြောကြား

အမေရိကန်နှင့်သဘောတူညီချက်ကို ပြန်လည်သုံးသပ်ခြင်း မပြုလုပ်ရန် တရုတ်က တိုက်တွန်းခဲ့ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ပြောကြား

ဖိလစ်ပိုင်နှင့်အမေရိကန်အကြား နှစ် ၇၀ ကာကွယ်ရေးစာချုပ်ကို ပြန်လည်သုံးသပ်ရန် ဖိလစ်ပိုင်က ဦးဆောင် နေခြင်းကို တရုတ်က ဆန့်ကျင်ကန့်ကွက်ထားပြီး အဆိုပါ စာချုပ်သည် တရုတ်၏ အင်အားကြီးထွားလာမှုကို ထိန်းချုပ်ရန် ဆောင်ရွက်မှုအဖြစ် တရုတ်အစိုးရက သတ်မှတ်မည်ကို စိုးရိမ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၃၀ရက်တွင် ပြောကြားလိုက်သည်။

ဖိလစ်ပိုင်သည် တိုက်ခိုက်ခံရမှုအန္တရာယ်ကြုံခဲ့ပါက အမေရိကန်အနေဖြင့် ၎င်းမဟာမိတ်ကို မည်သည့်အတိုင်းအတာအထိ ကာကွယ်ပေးနိုင်လိမ့်မည်ဆိုသည်ကို ရှင်းလင်းစွာ ဖော်ပြမည့် ၁၉၅၁ ခုနှစ် အပြန်အလှန်ကာကွယ်ရေးစာချုပ် (MDT) ကို ပြင်ဆင်ရန် ဖိလစ်ပိုင်က စိတ်အားထက်သန်လျက်ရှိသည်။

MDT ချုပ်ဆိုမှု နှစ် ၇၀ ပြည့်အခမ်းအနားတစ်ခု၌ တရုတ်သံတမန်ဟောင်းတစ်ဦးက ယင်းကိစ္စကို နောက်ဆုတ်ရန် တွန်းအားပေးခဲ့သည်ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင်လောရန်ဇာနာက ဆိုသည်။

“အမေရိကန်က MDT ကို ပြန်လည်သုံးသပ်ဖို့စိတ်ကူးကို ကြိုဆိုပေမယ့် အခြားအုပ်စုကတော့ မကြိုဆိုခဲ့ဘူး” ဟု လောရန်ဇာနာက ကပြောသည်။

လောရန်ဇာနာက တရုတ်သံအမတ်ဟောင်းတစ်ဦးသည် ၎င်းထံသို့ရောက်လာခဲ့ပြီး MDT ကို မပြုပြင်ရန်နှင့် မူလအတိုင်းထားရန် ၂၀၁၈ ခုနှစ်က ပြောခဲ့ကြောင်း၊ MDT ကို ပြင်ဆင်ရန် ကြိုးပမ်းမှုဟူသမျှသည် တရုတ်၏တိုးတက်မှုကို ထိန်းချုပ်ရန် လုပ်ဆောင်မှုအဖြစ် တရုတ်အစိုးရက အဓိပ္ပါယ် ကောက်ယူလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

ထိုကိစ္စနှင့်စပ်လျဉ်း၍ မနီလာရှိ တရုတ်သံရုံးက မှတ်ချက်တစ်စုံတစ်ရာ မပြုခဲ့ပေ။

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ်ရေပိုင်နက်များ၌ ဖိလစ်ပိုင်အဆိုအရ ပေကျင်း၏ စစ်လက်နက်တပ်ဆင်ထားသော လူလုပ်ကျွန်းများအနီး ကြီးမားသော ငါးဖမ်းသင်္ဘောစုအသွင်ဆောင်ထားသော ပြည်သူ့စစ်အပါအဝင် တရုတ်၏ ပင်လယ်ရေးကြောင်းဆိုင်ရာ တည်ဆောက်မှုများကို အလျင်အမြန် လုပ်ဆောင်နေသောကြောင့် ဝါရှင်တန်၏ကတိကဝတ်ကို ပြတ်ပြတ်သားသားသိရန် ဖိလစ်ပိုင်က တွန်းအားပေးမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

ဖိလစ်ပိုင်နှင့် အမေရိကန်မဟာမိတ်ဖွဲ့မှုသည် ၁၀ စုနှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီးဖြစ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်တပ်ဖွဲ့များအလှည့်ကျချထားခြင်း၊ ထောက်လှမ်းရေးဆိုင်ရာ ဖလှယ်ခြင်းများနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းမှုများလုပ်ဆောင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly