နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြော 

နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြော 
Photo - AFP

အောက်တိုဘာ ၂

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၂၀၂၂ မှာ ဒုတိယသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံမှာမဟုတ်ဘဲ နိုင်ငံရေးကနေ အနားယူတော့မှာ ဖြစ်ကြောင်း စနေနေ့မှာ ပြောလာခဲ့ပါတယ်။ 

ဖြစ်နိုင်ခြေရှိတာကတော့ နိုင်ငံရဲ့ အမြင့်ဆုံး သမ္မတရာထူးကို ယှဉ်ပြိုင်ရွေးကောက်ခံမယ့် သူ့သမီးဖြစ်သူအတွက် လမ်းဖွင့်ပေးလိုက်ရာလည်း ရောက်ပါတယ်။ 

“ဖိလစ်ပိုင်ပြည်သူတွေရဲ့ ပြတ်သားတဲ့ သဘောထားကတော့ ကျွန်တော်ဟာ သတ်မှတ်ချက်နဲ့ ပြည့်မမီဘူးဆိုပြီး သဘောထား ရှိနေကြတယ်၊ ဒုတိယသမ္မတအဖြစ် ယှဉ်ပြိုင်အရွေးခံတာဟာ ဖွဲ့စည်းပုံကို လက်တလုံးခြား ချိုးဖောက်ရာ ရောက်လိမ့်မယ်၊ ဖွဲ့စည်းပုံရဲ့ အနှစ်သာရ ပျက်ပြယ်စေလိမ့်မယ်”ဆိုပြီး ဒူတာတေးက ပြောပါတယ်။ 

“ဒီကနေ့မှာ ကျွန်တော် ကြေညာပါတယ်၊ ကျွန်တော် နိုင်ငံရေးကနေ အနားယူပါတော့မယ်”လို့ သူက ဆိုပါတယ်။ 

နိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို အမြစ်ဖြတ်မယ်ဆိုတဲ့ ကတိနဲ့ ၂၀၁၆ ရွေးကောက်ပွဲ အနိုင်ရခဲ့ချိန်ကလောက် နီးပါးအတိုင်း လူကြိုက်များမှု ရရှိထားဆဲ ဒူတာတေးဟာ ဒုတိယ သက်တမ်း ကြိုးစားခွင့်ကို ဖွဲ့စည်းပုံအရ တားမြစ်ခံထားရတာ ဖြစ်ပါတယ်။ 

အာဏာရှင်ဆန်တဲ့ သဘောထားတင်းမာသူ ဒူတာတေးဟာ လာမယ့် ရွေးကောက်ပွဲမှာ ဒုတိယသမ္မတနေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး ဩဂုတ်လအတွင်းက ကြေညာခဲ့ပါတယ်။ ဒီအတွက် ဝေဖန်သူတွေက ဒူတာတေးဟာ သူ့ရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲအတွက် ရာထူးလက်လွှတ်ရတဲ့အခါ ရာဇဝတ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်ပူပန်ပြီး ရှောင်လွှဲဖို့ ကြိုးစားတဲ့ လုပ်ဆောင်ချက်အဖြစ် ပြောဆိုခဲ့ကြပါတယ်။ 

ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းမယ်လို့ မျှော်လင့်ထားတဲ့ အခမ်းအနား ကျင်းပရာနေရာမှာပဲ ဒူတာတေးက အားလုံး မထင်မှတ်ထားဘဲ အံ့ဩသွားရတဲ့ နိုင်ငံရေးက အနားယူမယ်ဆိုတာကို ထုတ်ဖော်ကြေညာလာတာ ဖြစ်ပါတယ်။ 

ဘယ်အချိန်မှာ နိုင်ငံရေးကနေ ထွက်ခွာမယ်ဆိုတာကိုတော့ ဒူတာတေးက အတိအကျ မပြောပါ။ 

နှုတ်ကြမ်းအာကြမ်း ခေါင်းဆောင် ဒူတာတေးဟာ အခုထိတော့ သူ ရွေးချယ်ထားတဲ့ သမ္မတကိုယ်စားလှယ်လောင်းကို မကြေညာသေးပေမယ့် အများစုကတော့ သူ့သမီး ဆာရာပဲ ဖြစ်လိမ့်မယ်လို့ ထင်မြင်ထားပါတယ်။ ဆာရာဟာ မကြာသေးခင်က မဲစစ်တမ်းတွေအရ သမ္မတအဖြစ် ရှေ့ပြေးနေသူလည်းပဲ ဖြစ်ပါတယ်။ 

ဆာရာအနေနဲ့ ဒူတာတေးကို ဖိလစ်ပိုင်နိုင်ငံတွင်းနဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံးတွေကနေ ရာဇဝတ်မှုနဲ့ စွပ်စွဲချက်တွေက ကာကွယ်ပေးနိုင်ဖွယ်ရာ ရှိပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာ ဒါဗာအိုမြို့တော်ဝန်ဖြစ်တဲ့ ဆာရာဟာ ဒူတာတေးက ဒုတိယသမ္မတအဖြစ် ဝင်ပြိုင်ခဲ့ရင် သူက သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောထားခဲ့ဖူးပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly