ပုလောမြို့နယ်အတွင်း လူတစ်ဦး ပစ်သတ်ခံရ

By သတင်းနှင့်မီဒီယာ ကွန်ရက်
02 October 2021
ပုလောမြို့နယ်အတွင်း လူတစ်ဦး ပစ်သတ်ခံရ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်။

ပုလောမြို့နယ်အတွင်း လှေလိုက်သူ တစ်ဦး အောက်တိုဘာ ၁ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရသည်။

သေဆုံးသူများ ပုလောမြို့နယ် ပုလောကုန်းကျေးရွာက လှေလိုက်နေသူ ကိုမျိုးမင်းထိုက် အသက် ၃၉ နှစ် ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

ကိုမျိုးမင်းထိုက်ကို သေနတ်ဒဏ်ရာ ၇ ချက်ဖြင့် အင်းမကျေးရွာ နှင့်ကျောက်လိပ်ကျေးရွာအကြားတွင် တွေ့ ရှိခဲ့ ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုမျိုးမင်းထိုက် အလောင်းအနီးတွင် ကိုးလုံးကျည်ဟုခေါ်သည့် ကျည် ၂၅ တောင့် နှင့် တူမီးသေနတ်တစ်လက် တွေ့ရှိရပြီး အဆိုပါပစ္စည်းများသည် ကိုမျိုးမင်းထိုက်၏ ပစ္စည်းများဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုကြောင်း အသက် ၄၀ နှစ်အရွယ်ခန့်ရှိသူ ပုလောကုန်းကျေးရွာက ရွာသားတစ်ဦး က ပြောသည်။

“ညက ရွာထဲမှာ ပျူစောထီးတွေက သေနတ်တွေနဲ့လျှောက်ပစ်နေတာကြားတယ်။ သေနတ်ကိုင်ပြီး ရမ်းကား တတ်တာဆိုလို့ ရွာမှာ သူတို့ပဲရှိတယ်။ သေသူရဲ့ ဖုန်းကို ပုလောကုန်း ပြည်သူ့စစ်က သိမ်းယူထားတယ် လို့ သိရ တယ်” ဟု ၎င်း က ပြောသည်။

အင်းမကျေးရွာ နှင့်ကျောက်လိပ်ကျေးရွာအကြားတွင် ကိုမျိုးမင်းထိုက်၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်ကို အတိအကျ မသိရသေးသော်လည်း ညပိုင်းကတည်းက ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်းနှင့် သေ ဆုံးသူကို ပျူစောထီးအဖွဲ့များက ပစ်ခတ်သွားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

“အစ်ကိုက လှေလိုက်နေတဲ့သူပါ။ အနေလည်း အေးပြီး ရန်ညှိုးရန်စမျိုးလည်းမရှိဘူး။ တူမီးသေနတ်နဲ့ ကျည်ဆံ တွေက ကျနော့် အကိုဟာမဟုတ်ပါဘူး။ တမင်အကွက်ဆင်တာ ဖြစ်လိမ့်မယ်“ ဟု သေဆုံးသူ၏ ညီဝမ်းကွဲက ပြောသည်။

ထိုသို့ သေဆုံးမှုနှင့် ပတ်သက်၍ PDF များက လုပ်ကြံသည်ဟူသည့် သတင်းမှားလွှင့်ခြင်းမျိုးလည်း ရှိနေကြောင်း ဒေသခံ တစ်ဦး က ပြောသည်။

ကိုမျိုးမင်းထိုက် ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိမေးမြန်းနိုင်ရန်အတွက် ပုလောမြို့မ ရဲစခန်းသို့ စုံစမ်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly