ကလေးသူငယ်တွေကို ဘာ့ကြောင့် ရိုက်နှက်ဆုံးမသည့် အကျင့် ဖြစ်လာရသလဲ

ကလေးသူငယ်တွေကို ဘာ့ကြောင့် ရိုက်နှက်ဆုံးမသည့် အကျင့် ဖြစ်လာရသလဲ

ယခုအခါ ကျောင်းသားငယ်များကို ဆရာဆရာမများက ရိုက်နှက်ဆုံးမသည့် သတင်းများကို ဖတ်နေကြရပြန်သည်။ အရိုက်ခံကြရသည့် ကျောင်းသားတချို့ဆိုလျင် ပုံနှင့်တကွ ပူးတွဲဖေါ်ပြသဖြင့် မြင်ရသူများပင်လျင် ရိုက်နှက်ခံကြရသည့် ကျောင်းသားငယ်များကိုယ်စား နာကျင်ခံစားကြရသည်။

ကျောင်းသားငယ်များကို ကျောင်းစည်းကမ်း မလိုက်နာလို့ပဲဖြစ်ဖြစ် စာမလိုက်နိုင်လို့ပဲဖြစ်ဖြစ် ကျောင်းဆရာ ဆရာမများက ရိုက်နှက်ဆုံးမသည့် သတင်းမှာ ယခုမှရယ်လို့မဟုတ် ယခင်ကလည်း ကြားနေမြင်နေကြရသည့် သတင်းများ ဖြစ်သည်။ ယင်းသတင်းမျိုးမှာ ပေါ်လာလိုက် ငုတ်လျှိုးသွား လိုက် ဖြစ်နေသော်ငြားလည်း ပျောက်သွားသည်ဟူ၍တော့ မရှိသေးချေ။

ကျောင်းသားများကို ယခုလို နာကျင်ထိခိုက်စွာ ခံစားရစေပြီးမှ စာကြိုးစားရအောင် ဆောင်ရွက်ခြင်း ကျောင်းစည်းကမ်းလိုက်နာအောင် ဆောင်ရွက်ခြင်းသည် မှန်ကန်သည့် ဆောင်ရွက် ခြင်း ဟုတ်မဟုတ် ငြင်းခုန်ဆွေးနွေးကြသည်မှာလည်း ကြာခဲ့ပါပြီ။ ယေဘုယျအဖြေကမူ မည်သည့် နည်းနှင့်မျှ ရိုက်နှက်ဆုံးမခြင်း မပြုသင့်ဟူ၍ ဖြစ်သည်။ သို့သော် ရိုက်နှက်ဆုံးမမှုများက နောက်ဆုတ် သွားခြင်း မရှိ။

ဥရောပက တိုင်းပြည်တစ်ခုတွင် ဆရာ ဆရာမများတွင်မက မိဘများသည်ပင် သားသမီးများ ကို ရိုက်နှက်ဆုံးမခြင်း မပြုရချေ။ ဥပဒေအရပင်လျင် တားမြစ်ထားသည်။ ကျူးလွန်သူကို တရားစွဲဆို အပြစ်ပေးနိုင်သည်။ ရိုက်နှက်ခံရသူ သားသမီးနှင့် ကျောင်းသားမှရယ်လို့မဟုတ် အမြင်မတော်သူ မည်သူမဆို တိုင်ကြား အမှုဖွင့်ခွင့် ရှိသည်။ သည်လို ဥပဒေပြဌာန်းမှု ကြာညောင်းလာသောအခါ ကလေးသူငယ်များကို ရိုက်နှက်ဆုံးမသည့် အမူအကျင့်ကို လူတွေကိုယ်တိုင်က ရွံရှာလာကြရသည်။ အတွေးအခေါ် အဆင့်အတန်း နိမ့်ပါးသူတို့သာလျင် ပြုလုပ်သည့် အလုပ်တစ်ခုအဖြစ် ရှုမြင်လာကြ သည်။ ထိုအခါ ကလေးသူငယ်များကို ရိုက်နှက်ဆုံးမသည့် အဖြစ်အပျက်များ ပပျောက်လုမတတ် နည်းပါးသွားရတော့သည်။

မိမိတို့နိုင်ငံတွင်မူ ကလေးသူငယ်များကို ရိုက်နှက်ဆုံးမသည့် အကျင့်အပေါ် မကြိုက်နှစ်သက် ကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော် လူတိုင်းလိုက်နာဖို့ကြတော့ အောင်မြင်ခြင်း မရှိသေး။ အထူးသဖြင့် မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေသည့် စိတ်နေစိတ်ထား အခင်းအကျင်းများက ယင်းကဲ့သို့ လူယဉ်ကျေးယဉ်ကျေးမှု ထူထောင်နိုင်ဖို့ရာ အခြေအနေမပေးသေးဟု ဆိုရပါမည်။
ဥပမာပြောရလျင် မိမိတို့လူမျိုးများကို ဒေါသအထွက် မြန်သူများ စိတ်မြန်သူများဖြစ်သည်ဟု အိမ်နီးနားချင်းနိုင်ငံများကပင်လျင် ယူဆကြသည်။ ပို၍ဆိုးသည်မှာ ဒေါသထွက်သည်နှင့် လက်နက် တစ်ခုခုကို ကောက်ဆွဲကာ ကိုယ်ထိလက်ရောက် ပြုမူသည်အထိ အလျင်အမြန် လုပ်တတ်ကြသည်။ အဘယ့်ကြောင့်ပါနည်း။

မိမိတို့နိုင်ငံ မိမိတို့ မြန်မာလူမျိုးများသည် ဗုဒ္ဓ၏ သီးခံခွင့်လွှတ်ခြင်း မေတ္တာတရားနှင့် ယဉ်ပါး မွေ့လျော် ကြီးပြင်းကြရသည့် လူမျိုးဖြစ်သည်။ ရန်သူကိုပင်လျင် သီးခံခွင့်လွှတ်နိုင်စွမ်းသည့် အင်မတန် မြင့်မြတ်မြင့်မားသည့် ဗုဒ္ဓတရားတော်၏ အဆုံးအမအောက်တွင် ကြီးပြင်းလာကြရသူများ ဖြစ်သည်။ သို့သော် မည်သည့်အတွက်ကြောင့် အကြမ်းဖက် ဖြေရှင်းသည့် နည်းများအပေါ် ယခုလို ယဉ်ပါးလာ ကြရသနည်း။

အမှန်တကယ်တော့လည်း လူတို့၏ စိတ်ကို သိမ်မွေ့စေသည်မှာ တရားတော်အရ မှန်ပင်မှန် သော်ငြားလည်း ဘဝအခြေအနေများက ယင်းသိမ်မွေ့စိတ်ကို မွေးမြူထိန်းသိမ်း ကျင့်ကြံဖို့ရန် တွန်းအား မပေးနိုင်အောင် ဖြစ်နေကြရသောကြောင့် ဖြစ်သည်။ မိသားစုတိုင်း မိုးလင်းမှမိုးချုပ်သည် အထိ ကြက်ယက်သလို ရှာဖွေစားသောက်နေကြရသည့် ဆင်းရဲတွင်းကြီးက မိမိတို့ လူ့အဖွဲ့အစည်းကို   ဒေါသတွေ အလျင်အမြန် ထွက်တတ်အောင် တွန်းပို့နေကြသောကြောင့် ဖြစ်သည်။ သီးခံခွင့်လွှတ် သည့်စိတ်က မိမိတို့ လူ့အဖွဲ့အစည်းတစ်ခုလုံး သူရှုံးမှ ငါနိုင်မယ်ဟူသော၊ သူပျက်စီးမှ ငါချမ်းသာမယ် ဟူသော ကြမ်းတမ်းသည့် ဘဝအခြေအနေများကို သီးခံခွင့်လွှတ်သည့်စိတ်က အောင်မြင်စွာ ထိုးဖေါက် အနိုင်ယူနိုင်ခြင်း မရှိဖြစ်လာသည်။

ယင်းသို့သော ဘဝအခြေအနေများသည် ကျောင်းဆရာ ဆရာမများရယ်လို့မဟုတ် မိဘများ ရယ်လို့မဟုတ် မည်သူမဆို အကြမ်းဖက်ဖြေရှင်းဖို့၊ အကြမ်းဖက် ထွက်ပေါက်ရှာဖို့၊ တွန်းပို့ကြသည့် ဘဝအခြေအနေများပင် ဖြစ်သည်။ ထို့ကြောင့် ရိုက်နှက်ဆုံးမခြင်း အပါအဝင် အခြားမည်သည့် အကြမ်းဖက် ဖြေရှင်းသည့် နည်းများပင်မဆို ပျောက်ကွယ်သွားဖို့ဆိုလျင် မိမိတို့တိုင်းပြည် မိမိတို့လူမျိုး ချမ်းသာကြွယ်ဝပြီး ပညာညာဏ်ရှိသည့် လူမျိုးဖြစ်အောင် ကြိုးစားကြမှသာ ဖြစ်မည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly