အနောက်ပစိဖိတ်၊ ဂျပန်နှင့် ထိုင်ဝမ်တို့တွင် တရုတ်၏ ခြိမ်းခြောက်မှု မြင့်တက်လာခြင်းကို အမေရိကန်လေတပ် အကြီးအကဲ အာရုံစိုက်လာ

အနောက်ပစိဖိတ်၊ ဂျပန်နှင့် ထိုင်ဝမ်တို့တွင် တရုတ်၏ ခြိမ်းခြောက်မှု မြင့်တက်လာခြင်းကို အမေရိကန်လေတပ် အကြီးအကဲ အာရုံစိုက်လာ

အနောက်ပစိဖိတ်ဒေသ၊ ဂျပန်နှင့် ထိုင်ဝမ်တို့တွင် တရုတ်လေတပ်က စိန်ခေါ်မှုနှင့် လက်ရဲဇက်ရဲ လုပ်ဆောင်လာခြင်းအပေါ် အမေရိကန်လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချားစ်ဘရောင်းက အထူး အာရုံစိုက်လာကြောင်း Sputnik သတင်းတွင် ဖော်ပြထားသည်။

တရုတ်က ဒေသတွင်းရှိ ပင်လယ်ရေပြင်တွင် ခြိမ်းခြောက်မှု ဖြစ်စေသည့် အင်အားပြသမှုများကို လုပ်ဆောင်လာကြောင်း ဗိုလ်ချုပ်ကြီး ချားစ်ဘရောင်းက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်၏ စွမ်းဆောင်ရည် မြင့်တက်လာခြင်းနှင့် ပတ်သက်၍ ဘရောင်းက “တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ရဲ့ လုပ်ဆောင်လာမှုတွေနဲ့ ပတ်သက်ပြီး သူတို့ ဘာလုပ်ချင်နေတာလဲဆိုတာကို အထူးစောင့်ကြည့်နေပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတကာရေပိုင်နက်တွင် တရုတ်က ပျံသန်းမှုများ ပိုမိုလုပ်ဆောင်လာခြင်းနှင့် ပတ်သက်၍ ၎င်းက “အမေရိကန် လေတပ်နဲ့ ထိုင်ဝမ်၊ဂျပန်တို့ရဲ့ လေကြောင်း ကာကွယ်ရေးစနစ်တွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို တရုတ်က စမ်းသပ်နေတာပါ” ဟု ပြောကြားသည်။ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်အား တရုတ်က အဆက်မပြတ်ချိုးဖောက်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ဘရောင်းက “တရုတ်အနေနဲ့ ထို်ငဝမ်ရဲ့ လေကြောင်းပိုင်နက်ကို နေ့စဉ် ဝင်ရောက်ခြိမ်းခြောက်နေပါတယ်။ထိုင်ဝမ်သာမဟုတ်ပါဘူး။ ဂျပန်မှာလည်း ဖြစ်ပွားနေပါတယ်” ဟု မှတ်ချက်ပေးသည်။

တရုတ်လေတပ်က ခရီးဝေးပျံသန်းခြင်းများ ပိုမိုလုပ်ဆောင်လာခြင်းကို အမေရိကန်တပ်ဖွဲ့များက စောင့်ကြည့်နေကြောင်းနှင့် အမေရိကန်တပ်ဖွဲ့များက မည်သို့ တုံ့ပြန်မည်ကို တရုတ်တပ်ဖွဲ့က သိမြင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly