ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် ပစ်သတ်ခံရခြင်းက ARSA လက်ချက်လို့ မိသားစုဝင် ပြော 

ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် ပစ်သတ်ခံရခြင်းက ARSA လက်ချက်လို့ မိသားစုဝင် ပြော 
Photo - AFP

အောက်တိုဘာ ၁

ရိုဟင်ဂျာ အသိုင်းအဝန်း ခေါင်းဆောင် မိုဟစ် အူလာရှ်ဟာ သူရဲ့ ထင်ရှားကျော်ကြားမှုနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုမှာ စစ်သွေးကြွတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်တယ်ဆိုပြီး ညီဖြစ်သူက ကြာသပတေးနေ့မှာ ပြစ်တင်ပြောဆိုပါတယ်။ 

၂၀၁၇ ခုနှစ် ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီးကတည်းက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ သောင်တင်နေကြတဲ့ ရိုဟင်ဂျာ ၈၅၀၀၀၀ နီးပါးအတွက် ထင်ရှားကျော်ကြားတဲ့ ကိုယ်စားပြုသူ တော်တော်များများမှာ မိုဟစ် အူလာရှ်ဟာ မကြာသေးတဲ့နှစ်တွေအတွင်း ပါဝင်လာခဲ့သူတစ်ဦးပါ။ 

သူ့ကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အမည်မသိ လုပ်ကြံသတ်ဖြတ်သူတွေက သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပြီး ဒီအတွက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ အရန်လက်နက်ကိုင်ရဲ အင်အာ ရာနဲ့ချီကို ကြာသပတေးနေ့မှာ ဒုက္ခသည်စခန်းတွေဆီ တပ်ဖြန့်ချထားခဲ့ရပါတယ်။ 

မိုဟစ် အူလာရှ်ရဲ့ ဇနီးဖြစ်သူ နာစီမာ ခါတွန်က “သူ့ အတွက် လုံခြုံရေး လိုအပ်နေခဲ့တာပါ၊ ရဲတွေဟာ သူကို အစောင့်အရှောက် ပေးသင့်တယ်၊ ဒါပေမဲ့ ပစ်သတ်ခံရပြီးနောက်မှာတောင့် သူတို့တွေ တော်တော်နဲ့ မရောက်လာဘူး”လို့ ပြောဆိုပါတယ်။ 

Arakan Rohingya Salvation Army (ARSA) အဖွဲ့ကနေပြီး မကြာသေးတဲ့ လတွေမှာ အစ်ကိုဖြစ်သူ မိုဟစ် အူလာရှ်ကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိလာခဲ့ပြီး အခု သတ်ဖြတ်သွားရာမှာလည်း အဲဒီ အဖွဲ့က အနည်းဆုံး ရှစ်ဦး လာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့ ညီဖြစ်သူ ဟာဘစ် အူလာရှ်က အေအက်ဖ်ပီကို ပြောပါဝယ်။ 

“ဒီ လူသတ်မှုကို ARSA က ကျူးလွန်ခဲ့တာပါ၊ သူတို့က ကျွန်တော်အစ်ကိုဆီကို ဖုန်းနံပါတ် အမျိုးမျိုးနဲ့ လှမ်းဆက်ပြီး သတ်မယ်ဖြတ်မယ် မကြာခဏ ခြိမ်းခြောက်နေတာပါ”လို့ သူက ပြောပါတယ်။ 

“ကျွန်တော့် အစ်ကိုကို ARSA က သတ်သွားတာမဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကောင်းတစ်ဦးကို သတ်သွားတာ”လို့ ဟာဘစ် အူလာရှ်က ပြောခဲ့ပါတယ်။ 

မိုဟစ် အူလာရှ်ဟာ သူ့ ရုံးအပြင်ဖက်မှာ အခြား ရိုဟင်ဂျာ အသိုင်းအဝန်းစု ခေါင်းဆောင်တွေနဲ့ စကားစမြည် ပြောနေချိန် ဖြစ်ပွားခဲ့တဲ့ ဒီ သတ်ဖြတ်မှုမှာ အနည်းဆုံး အမည်မသိ လုပ်ကြံသတ်ဖြတ်သူ လေးဦး ပါဝင်တယ်လို့ ရဲက ဆိုပါတယ်။ 

မိုဟစ် အူလာရှ်ဟာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ရိုဟင်ဂျာအဖွဲ့အစည်း ARSPH ကို တည်ထောင်ခဲ့သူဖြစ်ပြီး လူထုအခြေပြု ဒီ အခွင့်အရေးအဖွဲ့အစည်းဟာ ၂၀၁၇ ထိုးစစ်တွေမှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်စွာ ကျူးလွန်မှုတွေကို မှတ်တမ်းရယူကြတာပါ။ 

ကျောင်းဆရာဟောင်းတစ်ဦးဖြစ်တဲ့ သူဟာ ၂၀၁၉ ခုနှစ်မှာ စစ်တပ်ရဲ့ ဖြိုခွင်းခံရမှု ဒုတိယနှစ်ပတ်လည်နေ့ကို သူ့ အဖွဲ့အစည်းက ကြီးမှူးကျင်းပနိုင်ခဲ့ပြီးနောက်မှာ လူသိများ ထင်ရှားလာခဲ့တာပဲ ဖြစ်ပါတယ်။ 

အဲဒီ နှစ်မှာပဲ အမေရိကန် အိမ်ဖြူတော်က ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ရပ်မှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ရသလို ကုလသမဂ္ဂ လူ့အခွင့်အရေးအစည်းအဝေးမှာလည်း မိန့်ခွန်းပြောဆိုခဲ့ရသူ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly