NUG မှ CDM ဝန်ထမ်းများအား လစာပေးမယ်ဆိုတာ သတင်းအမှား

NUG မှ CDM ဝန်ထမ်းများအား လစာပေးမယ်ဆိုတာ သတင်းအမှား

စက်တင်ဘာ ၃၀

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NUG ကနေပြီး CDM ဝန်ထမ်းတွေကို လစာပေးတော့မယ်။ လာဆက်သွယ်ပါဆိုပြီး လူမှုကွန်ယက်မှာ ပိုစ့်တွေ ပြန့်နှံ့ခဲ့ပါတယ်။ မူရင်းတင်သူရဲ့ ပိုစ့်ကတော့ ဝင်ကြည့်လို့မရတော့ပေမဲ့ ပြန်လည်တင်သူ စစ်မုန်းဆိုတဲ့ အကောင့်မှာတော့ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

အဆိုပါ CDM ဝန်ထမ်းတွေကို လစာပေးမယ်ဆိုတဲ့ ပိုစ့်ဟာ လူပေါင်း ကိုးထောင့်ရှစ်ရာကျော်မှ ပြန်လည် မျှဝေခဲ့ပြီး ပြန့်နှံ့မှု များပြားတာကို မြင်တွေ့ရပါတယ်။

အဆိုပါ ပိုစ့်ထဲမှာတော့ ယခုစက်တင်ဘာလကုန်မှာ CDM ဝန်ထမ်းတွေရဲ့ kpay အကောင့် wave အကောင့်များမှ တစ်ဆင့် လစာပေးပါမယ်။ CDM သက်သေစာနဲ့ ငွေအကောင့်များ ဆောင်ရွက်မှုများလုပ်ဆောင်ထားဖို့နဲ့ ဖောင်တင်ကြဖို့ဆိုပြီးပါ တိုက်တွန်းထားပါတယ်။

ဖောင်တင်ရမဲ့ နေရာတွေကတော့ ကျန်းမာရေး ဝန်ထမ်းများဟာ CDM Medical Network၊ ပြည်ထဲရေး CDM ဝန်ထမ်းတွေဟာ NUG အစိုးရရဲ့ Ministry Of Home Affairs and Immigration-Myanmar နဲ့ ကျန်ဌာနများ အနေနဲ့ Ministry of Planning, Finance and Investment-NUG ကို CDM Form များတင်ရန် ပြောကြားထားတာတွေ့ရပါတယ်။ အဆိုပါ သတင်းအမှားပိုစ့်မှာ ပါဝင်တဲ့ သက်သေများ ဆိုတဲ့ link ဟာလည်း လက်ရှိမှာ ဝင်လို့မရတော့တာကို တွေ့ရှိရပါတယ်။

ဒါကြောင့် CDM ဝန်ထမ်းများကို NUG အစိုးရအနေနဲ့ လစာ အမှန်တကယ် ထုတ်ပေးတော့မှာလား ဆိုတာ မဇ္ဈိမ မှ NUG အစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးအား မေးမြန်းခဲ့ပါတယ်။ ဝန်ကြီးကိုယ်တိုင် ဒါဟာ သတင်းအမှားဖြစ်တယ်လို့ပြောကြားသွားပါတယ်။

လက်ရှိလုပ်ဆောင်မှုတွေထဲ CDM တွေရဲ့လစာနဲ့ ပက်သက်ပြီး NUG Budget ထဲမှာ ထည့်သွင်းရေးဆွဲထားကြောင်း ဒါပေမဲ့ အခုလို online မှ စာရင်းကောက်ယူတာမျိူး NUG မှ လုပ်ဆောင်မှာ မဟုတ်ကြောင်း ဆိုပါတယ်။CDM ဝန်ထမ်းများဟာ မိမိတို့ အချက်အလက်များအား online မှ ကောက်ယူနေတဲ့ form တွေမှာ မဖြည့်သင့်ကြောင်း လည်း ဒုဝန်ကြီးမှ ပြောကြားသွားပါတယ်။

ဒါကြောင့် ယခုထွက်ပေါ်နေတဲ့ သတင်းဖြစ်တဲ့ NUG မှ CDM ဝန်ထမ်းများအား ယခု စက်တင်ဘာမှ စတင်ပြီး kpay,wave များမှ လစာပေးမည်ဆိုတာဟာ သတင်းအမှားသာဖြစ်ပြီး CDM ဝန်ထမ်းများအနေနဲ့ online မှကောက်ယူတဲ့ form များကို အလွယ်တကူ မဖြည့်သင့်ကြောင်း ပြောကြားလိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly