ဒေသခံများအား လုယက်အနိုင်ကျင့်နေသည့် အဖွဲ့ကို ကလေး PDF ရှင်းလင်း

ဒေသခံများအား လုယက်အနိုင်ကျင့်နေသည့် အဖွဲ့ကို ကလေး PDF ရှင်းလင်း

စက်တင်ဘာ ၂၉

ကလေးမြို့ ၊ တောင်ပိုင်း ကျေးရွာများတွင် ဒေသခံများ၏ ရွှေငွေများကိုလုယက်ခြင်း၊ အမျိုးသမီးများကိုမဖွယ်မရာ ပြုကျင့်ခြင်း၊ မူးယစ်ဆေးစွဲနေသူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့် ရှိုင်းသာဦးဆောင်သည့် အင်အား ၅၀ခန့်ပါဝင်သည့် အဖွဲ့ကို ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ကလေး PDF ) က ရှင်းလင်းနိုင်ခဲ့ကြောင်း ယနေ့စက်တင်ဘာ ၂၉ရက်တွင် ကလေး PDFကထုတ်ပြန်သည်။

ဒလန်ရှင်းလင်းရေးအဖွဲ့ဟု ခေါင်းစဉ်တပ်ထားသည့် အသက် ၃၀ အရွယ် ရှိုင်းသာဦးဆောင်သည့် အဖွဲ့သည် ဇွန်လပိုင်းက စတင်ပြီး ကလေးမြို့နယ်တောင်ပိုင်း တင်သားအုပ်စု၊ ဒိုးနွယ်အုပ်စု၊ အင်းကျွန်းအုပ်စု ၊ ကျောက်ပြုတ်အုပ်စုနှင့် ကုက္ကိုလ်အုပ်စု များတွင် ကျေးရွာပြည်သူများကို လက်နက်ပြ အနိုင်ကျင့်မှုများကျူးလွန်နေခြင်း ဖြစ်သည်။

ရှိုင်းသာဦးဆောင်သည့် အဖွဲ့ဝင်များ ကိုယ်တိုင် ၎င်းတို့အဖွဲ့၏ စစ်ရာဇဝတ်မှုများကို ကလေး PDFထံသို့ တိုင်ကြားလာခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းလုပ်ရပ်များကို ရပ်တန့်ရန် ကလေး PDF က သတိပေးခဲ့သော်လည်း လိုက်နာခဲ့ခြင်း မရှိသည့်အတွက် ၎င်းတို့အခြေစိုက်သည့်တပ်နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့က ကလေးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စုဖွဲ့မှုအောက်မှာလည်းမရှိပါဘူး။ သူတို့က ကလေးတောင်ပိုင်း ကျေးရွာက လူ၊ လက်နက် စုစည်းပြီး ဒလန်ရှင်းလင်းရေး အဖွဲ့ဆိုပြီး သီးခြားလုပ်ကိုင်ပြီး ရပ်တည်လာတာ။ မူးယစ်ဆေးသုံးစွဲသူကို သတ်ဖြတ်တာ ၊ အဓမ္မပြုကျင့်မှုတွေ၊ အိမ်တွေကို ဝင်စီးတဲ့အချိန်တိုင်းမှာ အဲအိမ်က အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းတာတွေကို လုပ်လာတယ်။ အဲဒါကြောင့် စစ်ရေးစီမံချက်တစ်ခုလုပ်ဆောင်ပြီး ရှင်းလင်းခဲ့တာ “ ဟုကလေးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောသည်။

ကလေးတောင်ပိုင်းရှိ ကျေးရွာများမှ တိုင်ကြားမှုများ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များ၏ တိုင်ကြားမှုများကို စိစစ်ပြီး စစ်ကြောင်း နှစ်ကြောင်းဖြင့် ရှိုင်းသာအဖွဲ့ နေထိုင်သည့် စခန်းနေရာ နှင့် ၎င်းတို့၏ အခြေစိုက် စခန်းတည်နေရာကို ကလေးပြည်သူ့ကာကွယ်ရေးတပ်က စက်တင်ဘာလ၂၆ ရက်တွင် ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။

ကလေးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ကြောင်းက နှစ်ကြောင်းပါ။ သူနေတဲ့နေရာကတစ်ခု ၊ စခန်းရှိတဲ့နေရာက တစ်ခုပါ။ ရှိုင်းသာနေထိုင်တဲ့စခန်း ကိုရောက်တော့ အကုန်လုံးလက်နက်ချတယ်။ ရှိုင်းသာကို ဖမ်းဆီးဖို့လုပ်ဆောင်စဉ်မှာ သူခါးမှာဝှက်ထားတဲ့ လက်နက် ထုတ်ပြီး ခုခံဖို့ ပြင်နေတဲ့အချိန်မှာ အထူးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းလိုက်ရတယ်။ ကျန်တဲ့လူတွေက ပူးပေါင်းဆောင်ရွက်ပါတယ် “ ဟု‌ပြော သည်။

ရှိုင်းသာဦးဆောင်သည့် အဖွဲ့တွင် ရောက်ရှိနေသည့် လူငယ်များအနေဖြင့် အဆိုပါအဖွဲ့မှာ ထွက်ခွာရန် လုပ်ဆောင်ခဲ့သော်လည်း မိသားစုဝင်များ၏အသက်အန္တရာယ် စိုးရိမ်ရခြင်းကြောင့် ထွက်ခွာခွင့် မရရှိခဲ့ကြောင်း သိရသည်။

ရှိုင်းသာ အဖွဲ့ မှ လူငယ်များနှင့် ပတ်သက်ပြီး “အဖွဲ့ထဲကလူငယ်တွေက သူတို့အဖွဲ့ကနေထွက်ချင်နေတာ။ ထွက်ရင်အသေပဲ ထွက်လို့ရမယ်။ မိသားစုကို သတ်ပစ်မယ် အဲလိုချိန်းခြောက်ခံထားရတာ ။ အခု ကျွန်တော်တို့နဲ့ ပူးပေါင်းတဲ့လူတွေလည်းရှိတယ်။ စစ်သင်တန်း ပေးထားပါတယ်။ တချို့ကိုလည်း နေစရာရဖို့ လုပ်ဆောင်ပေးထားပါတယ်။ တချို့ကိုလည်း ထိန်းသိမ်းထားပါတယ် " ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရှိုင်းသာဦးဆောင်သည့် အဖွဲ့၏ ကျူးလွန်မှုများနှင့်ပတ်သက်ပြီး “အဓမ္မပြုကျင့်မှု နှစ်ခု တိုင်ကြားတာ လက်ခံရရှိပါတယ်။ မှုးယစ်ဆေးသုံးစွဲသူတွေ နဲ့ပတ်သက်ပြီး အဲဘက်ကစစ်ကြောင်းမှူးပဲ သေချာသိပါတယ်။ နေအိမ်တွေထဲ ကိုဝင်စီးပြီး ရှိုင်းသာ နဲ့ ခေါင်းဆောင်အချို့က အမျိုးသမီးတွေကို အဓမ္မပြုကျင့်တယ်။ ရွှေ၊ ငွေ၊ ဖုန်း ၊ ဆိုင်ကယ်တွေကို လုယက်မှုတွေ လုပ်ဆောင်ပါတယ် “ ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ရှိုင်းသာ၏ လက်နက်ကိုင် အနိုင်ကျင့်မှုခံခဲ့ရသည့် ကျေးရွာပြည်သူများရဲ့ ပိုင်ဆိုင်မှုများ ဖြစ်သည့် ကျပ်ငွေ ၁,၀၉၀,၀၀၀ကျော် ၊ ရွှေထည် ၁၇ မျိုး နှင့် ဆိုင်ကယ် ၁၀ စီးကို ပြန်လည်ပေးအပ်ရန် ဒေသခံ ကျေးရွာ တာဝန်ရှိသူများနှင့် လုပ်ဆောင်နေကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

စစ်ရာဇဝတ်မှုကျူးလွန်သူ အသက်၃၀အရွယ်ရှိ ရှိုင်းသာ၏ ကျူးလွန်မှုများသည် စစ်ကောင်စီ၏ ဒလန်ပုံစံမျိုးဖြင့် ပြည်သူနှင့် PDF များအကြား သွေးခွဲမှုများလုပ်ဆောင်‌သည့် ပုံစံ ဖြစ်နေလားဟု မေးမြန်းခဲ့သော်လည်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေချာမပြောနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required